Press Centre

အငှားယာဉ်များကို အချိန်မရွေး ဖုန်းဆက်ငှားရမ်းနိုင်ရန် ကူညီပေးမည့် GrabTaxiCall ဝန်ဆောင်မှုအသစ် ရန်ကုန်တွင် စတင် အသုံးပြုနိုင်ပြီ

စမတ်ဖုန်းတွေ၊ မိုဘိုင်းအင်တာနက်တွေ မရှိဘူးလား။ အငှားယာဉ်တစ်စီး ချက်ချင်းငှားချင်တာလား။ ကြိုပြီး ငှားထားချင်တာလား။ စိတ်မပူပါနဲ့။ လုံခြုံစိတ်ချရတဲ့ GrabTaxi တစ်စီးကို ငှားဖို့ အချိန်ခဏလေးပေးပြီး ဖုန်းတစ်ချက် အလွယ်တကူ ဆက်လိုက်ရုံပါပဲ။ 

စမတ်ဖုန်းတွေ၊ မိုဘိုင်းအင်တာနက်တွေ မရှိဘူးလား။ အငှားယာဉ်တစ်စီး ချက်ချင်းငှားချင်တာလား။ ကြိုပြီး ငှားထားချင်တာလား။ စိတ်မပူပါနဲ့။ လုံခြုံစိတ်ချရတဲ့ GrabTaxi တစ်စီးကို ငှားဖို့ အချိန်ခဏလေးပေးပြီး ဖုန်းတစ်ချက် အလွယ်တကူ ဆက်လိုက်ရုံပါပဲ။ 

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက် – အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ၏ ထိပ်တန်း Offline-to-Online (O2O) ပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က GrabTaxi ခရီးစဉ်များကို အချိန်မရွေး ဖုန်းဆက်ငှားရမ်းနိုင်ရန် ကူညီပေးမည့် GrabTaxiCall ဝန်ဆောင်မှုအသစ်ကို ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်ရန် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ဒေသခံပြည်သူများအတွက် ပိုမို အဆင်ပြေကောင်းမွန်သော ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်  ပေးအပ်နိုင်ရန်ဆိုသည့် Grab ၏ ကတိကဝတ်နှင့်အညီ စမတ်ဖုန်း ကျွမ်းကျင်စွာ အသုံးမပြုနိုင်သူများ၊ အိမ်ရှင်မများ၊ လူကြီးသူမများနှင့် လမ်းပေါ်ထွက်၍ ကားငှားရန် အခက်အခဲရှိသူများ ယခုအခါ Grab ၏ call centre မှတစ်ဆင့် ငှားရမ်းမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ GrabTaxiCall ဝန်ဆောင်မှုတွင် Grab အက်ပလီကေးရှင်းနည်းတူ ကြိုတင်သိရှိနိုင်သော ပုံသေဈေးနှုန်း၊ ဘေးကင်းလုံခြုံစွာဖြင့် သက်သောင့်သက်သာ သွားလာနိုင်မည့် လုပ်ဆောင်ချက်များကို ရရှိနိုင်မည် ဖြစ်ပါသည်။

ခရီးသည်များအနေဖြင့် ဈေးဝယ်ထွက်အပြီး အိမ်ပြန်ရန်အတွက် ချက်ချင်း ကားငှားလို၍ ဖြစ်စေ၊ နယ်ဝေး ရပ်ဝေးမှ မိဘဆွေမျိုးများနှင့် တွေ့ဆုံအပြီး အပြန်ခရီးစဉ်အတွက် စီစဉ်ပေးလို၍ဖြစ်စေ မိမိကိုယ်တိုင် သို့မဟုတ် တစ်ခြားတစ်ဦးအတွက် GrabTaxi ငှားရမ်းမှုများ လိုအပ်သလို ပြုလုပ်နိုင်ရန် ဖုန်းနံပါတ် – ၀၉၉၇ ၇၄၇ ၈၇၈၇ သို့ အလွယ်တကူ ဖုန်းခေါ်ဆိုနိုင်ပါသည်။ ထို့အပြင် ကျန်းမာရေးစစ်ဆေးမှု ခံယူရန် ကြိုတင်ချိန်းဆိုထားသူများ၊ ဘဏ်သို့ အပတ်စဉ် သွားလာနေရသူများ စသည်ဖြင့် လိုအပ်သည့် ခရီးစဉ်များကို ကြိုတင်စီစဉ်ထားလိုသော ခရီးသည်များအတွက် အဆင်ပြေစေရန် GrabTaxiCall  ဝန်ဆောင်မှုဖြင့် အများဆုံး (၇) ရက်ထိ ကြိုတင်ငှားရမ်း ထားနိုင်မည် ဖြစ်ပါသည်။ ခရီးသည်များမှာ တစ်ဆက်တည်း သွားလိုသော နေရာနှစ်ခု ပါဝင်သည့် ခရီးစဉ် တစ်ကြောင်းစာ ငှားရမ်းနိုင်သောကြောင့် ယခုကဲ့သို့ မိုးရာသီအချိန်အတွင်း ကလေးကျောင်းကြိုရမည့် မိဘများ အတွက် အငှားယာဉ်နှစ်စီး သတ်သတ်စီ ငှားရမ်းနေရန် မလိုအပ်တော့ပါ။

GrabTaxiCall ဝန်ဆောင်မှုသည် နေ့စဉ် သွားလာနေရသူခရီးသည်များအတွက် အဆင်ပြေစေရုံသာမက၊ မိုဘိုင်း App မှ ရရှိသည့် ခရီးသည်များအပြင် ယခုမိတ်ဆက်သည့် ဝန်ဆောင်မှုမှတစ်ဆင့် ငှားရမ်းမှုများပါ ရရှိနိုင်ပြီ ဖြစ်သောကြောင့် Grab မိတ်ဖက်ယာဉ်မောင်းများအတွက် ဝင်ငွေပိုမိုရရှိနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေး  နိုင်မည် ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ မတ်လမှ မေလအထိ ပြုလုပ်ခဲ့သော GrabTaxiCall ဝန်ဆောင်မှု စမ်းသပ် လုပ်ဆောင်သည့် ကာလအတွင်း ကားငှားရမ်းမှုနှုန်း ပုံမှန်ရှိသည့်အချိန်များတွင် အက်ပလီကေးရှင်းမှ ရရှိသည့် ဘွတ်ကင်ထက် ဖုန်းခေါ်ဆိုမှုမှ ရရှိသည့် ဘွတ်ကင်က ပိုမို များပြားလာကြောင်း တွေ့ရှိခဲ့သည်။

Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က “Grab က မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းဖို့၊ ဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာရှိတဲ့ သွားလာရေးစနစ်တစ်ခု  ပေးအပ်နိုင်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းအတွက် ဘက်ပေါင်းစုံက ကူညီပံ့ပိုးပေးဖို့ ရောက်ရှိနေတာပါ။ GrabTaxiCall ဝန်ဆောင်မှုက လူကြီးသူမတွေနဲ့ ကားငှားဖို့ အကူအညီလိုအပ်တဲ့ ခရီးသည်တွေရဲ့ သွားလာရေးအတွက် အချိန်မရွေး ကူညီပေးနိုင်တော့မှာပါ။ အလွယ်တကူ ငှားရမ်းအသုံးပြုနိုင်ရေးဟာ GrabTaxiCall ဝန်ဆောင်မှုရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါ။ ဒါ့ကြောင့်ပဲ အစိုးရ ရုံးပိတ်ရက်တွေမှာပါ ကားငှားနိုင်အောင် ဝန်ဆောင်မှုပေး သွားမယ့် ကျွန်မတို့ရဲ့ call centre ကို တိုးချဲ့ဖို့ ရင်းနှီးမြုပ်နှံခဲ့တာ ဖြစ်ပါတယ်။ အားလုံးပဲ ဘေးကင်းလုံခြုံတဲ့ GrabTaxi ခရီးစဉ်တစ်ခုကို ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ ငှားရမ်းနိုင်မယ့် GrabTaxiCall ဖုန်းနံပါတ်ကို ကိုယ့်ရဲ့ ဖုန်းထဲမှာ မှတ်သားထားဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

Grab ၏ call centre သို့ ဖုန်းခေါ်ဆိုငှားရမ်းမှုတစ်ခု ပြုလုပ်ပါက တာဝန်ရှိအေးဂျင့်မှ ခရီးသည်၏ အမည်၊ ဖုန်းနံပါတ်၊ လာကြိုရမည့်နေရာနှင့် ပို့ပေးရမည့်နေရာများကို မေးမြန်းသွားမည် ဖြစ်သည်။ ခရီးစဉ် ငှားရမ်းမှု အတည်ပြုပြီးနောက် Grab အက်ပလီကေးရှင်းအတွင်း ပြသထားသည့် ကျသင့်ငွေအတိုင်း ခရီးစဉ်အတွက် ပုံသေဈေးနှုန်းကို ခရီးသည်အား အကြောင်းကြားပေးမည် ဖြစ်ပါသည်။ GrabTaxiCall ဖြင့် ငှားရမ်းသည့် ခရီးစဉ် တိုင်းအတွက် call centre နည်းပညာလုပ်ဆောင်ချက်များနှင့် ဝန်ထမ်းများ အသုံးပြုရသည့်အတွက် ဝန်ဆောင်ခ အနည်းငယ်အဖြစ် ငွေကျပ် (၃၀၀) သတ်မှတ်ကောက်ခံသွားမည် ဖြစ်ပါသည်။

ကျသင့်ငွေကို ခရီးသည်က အတည်ပြုပြီးမှသာ GrabTaxiCall အေးဂျင့်က ခရီးစဉ်အား ဘွတ်ကင်လုပ်ပေးမည် ဖြစ်ပြီး သွားရမည့် ခရီးစဉ်နှင့်ပတ်သက်သည့် အချက်အလက်များကို SMS မက်ဆေ့ချ်တစ်စောင် ခရီးသည်ထံ ပြန်လည်ပေးပို့မည် ဖြစ်သည်။ အဆိုပါ SMS မက်ဆေ့ချ်တွင် ကားအမျိုးအစား၊ ကားနံပါတ်၊ ယာဉ်မောင်း အမည်နှင့် ဖုန်းနံပါတ်တို့အပြင် ခန့်မှန်း စောင့်ဆိုင်းကြာချိန် စသည့် အချက်အလက်များ ပါဝင်မည် ဖြစ်ပါသည်။ ခရီးသည်များမှာ ကျသင့်ငွေကို ငွေသားဖြင့်သာ ပေးချေရမည်ဖြစ်ပြီး ပို့ပေးရမည့် နေရာ ပြောင်းလဲခြင်း သို့မဟုတ် ပရိုမိုကုဒ် အသုံးပြုခြင်းများ ပြုလုပ်နိုင်မည် မဟုတ်ပါ။

ခရီးသည်များမှာ မိမိသွားလာမည့်နေရာကို အခြားသူများ သိရှိနိုင်ရန် ၎င်းတို့၏ SMS မက်ဆေ့ချ်အား ပေးပို့ မျှဝေနိုင်မည် ဖြစ်ပါသည်။ Grab မှ ပေးပို့ထားသော SMS မက်ဆေ့ချ်တွင် ခရီးစဉ်အတွင်း ရောက်ရှိနေသည့် နေရာကို ဖုန်းမှတဆင့် အချိန်နှင့်တစ်ပြေးညီ ပြသပေးနိုင်မည့် လမ်းကြောင်းမြေပုံတစ်ခုအား ဖွင့်လှစ်နိုင်ရန် လင့်ခ်တစ်ခု ပါရှိမည်ဖြစ်ပါသည်။ GrabTaxi ခရီးစဉ် မစတင်မီ၊ ခရီးစဉ်အတွင်း သို့မဟုတ် ခရီးစဉ်ပြီးဆုံးချိန်များ တွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက ၂၄ နာရီ သုံးစွဲသူဝန်ဆောင်မှုဖုန်းနံပါတ် – ၀၉၉၇ ၇၀၈ ၃၃၃၀ သို့ အချိန်မရွေး ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် GrabTaxiCall ဝန်ဆောင်မှုဖြင့် သွားလာသော ခရီးစဉ်များမှ ခရီးသည်များအားလုံးမှာ Grab ၏ တစ်ကိုယ်ရေထိခိုက်မှု အာမခံကိုလည်း ရရှိခံစားနိုင်ကြမည် ဖြစ်သည်။

ယနေ့ ရန်ကုန်မြို့၊ Grab Myanmar ရုံးခန်းတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ အခမ်းအနား၌ ရုပ်သံ အစီအစဉ်တင်ဆက်သူ ဆုမွန်နှင့် မာမီဘလော့ဂါ ဂျက်ဆီကာမိုးဇက် တို့က GrabTaxiCall အေးဂျင့်များအဖြစ် GrabTaxi ငှားရမ်းမှုများကို တာဝန်ယူ လက်ခံဖြေကြားပေးခဲ့ပါသည်။

“ဆုမွန်ကတော့ ခရီးသည်တွေကို ကူညီပေးဖို့နဲ့ အငှားယာဉ်တွေကို အမြန်ဆုံး ငှားပေးနိုင်အောင် သေသေချာချာ  လေ့ကျင့်ထားတဲ့ Grab ရဲ့ ဖုန်းဖြေပေးတဲ့ အေးဂျင့်တွေကို တစ်ကယ် လေးစားမိတယ်။ အခုလို မိုးရာသီဆိုရင် ကားငှားဖို့ခက်တဲ့ နေရာတွေကနေ GrabTaxi ငှားရမ်းပေးဖို့ဆက်တဲ့ ခရီးသည်တွေ အများကြီး ရှိနေမှာလေ။ GrabTaxiCall ဝန်ဆောင်မှုက ခရီးသည် ရောက်နေတဲ့နေရာကို လာကြိုပေးနိုင်တော့ ပိုပြီး အဆင်ပြေလွယ်ကူ တာပေါ့” ဟု ဆုမွန် ကပြောသည်။

ထပ်မံ၍ ဂျက်ဆီကာမိုးဇက်က “အရင်ကဆို အမေ Grab ငှားတော့မယ်ဆိုရင် ကိုယ်က အက်ပလီကေးရှင်းကနေ လုပ်ပေးနေကျလေ။ GrabTaxiCall ဝန်ဆောင်မှု ရပြီဆိုတော့ ခေါ်ရမယ့်ဖုန်းနံပါတ်ကို ပေးထားပြီး ဘယ်လိုလုပ်ရ မလဲဆိုတာ ပြောထားလိုက်တယ်။ အခုဆို အမေက သူသွားချင်တဲ့နေရာတွေကို သူ့ဘာသူပဲ Grab ကို အလွယ် တကူ ဖုန်းခေါ်ပြီး စီစဉ်နိုင်ပြီဆိုတော့ တစ်ကယ်ပဲ ဝမ်းသာမိပါတယ်” ဟု ပြောသည်။

Grab သည် မန္တလေးနှင့် ပုဂံမြို့များတွင် GrabTaxiCall ဝန်ဆောင်မှုကို စတင် စမ်းသပ်လုပ်ကိုင်ပေးနေပြီ ဖြစ်သောကြောင့် ခရီးသည်များမှာ ၀၉၇၅ ၀၁၀ ၈၇၃၅ သို့ ဖုန်းခေါ်ဆို၍ အငှားယာဉ်များ ငှားရမ်းနိုင်ပြီ ဖြစ်သည်။ Grab Myanmar အကြောင်း အသေးစိတ်သိရှိလိုပါက https://www.grab.com/mm/blog/grabtaxicallygn/နှင့် www.facebook.com/GrabMM တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိူင်ပါသည်။

 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter