Press Centre

Grab မှ ခရီးသည်များအား ပိုမိုလွယ်ကူစွာ ကြိုပို့ပေးနိုင်ရန် “Entrances” အမည်ရှိ အက်ပလီကေးရှင်း လုပ်ဆောင်ချက်အသစ် မိတ်ဆက်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်နေ့ – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab မှ Entrancesအမည်ရှိ လုပ်ဆောင်ချက်အသစ်ကို Grab အက်ပလီကေးရှင်းတွင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ယခုအခါ ခရီးသည်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ် (သို့) မြန်မာပလာဇာ ကဲ့သို့ ဈေးဝယ်စင်တာကြီး များတွင် Grab ငှားရမ်းမည်ဆိုပါက မြေပုံပေါ်တွင် အစိမ်းရောင်အစက်လေးများအား ရှာဖွေ၍ လာကြိုရမည့်နေရာ အတိအကျကို ရွေးချယ်နိုင်ပြီဖြစ်သည်။ […]

ရန်ကုန်၊ မြန်မာ၊ ၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်နေ့ – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab မှ Entrancesအမည်ရှိ လုပ်ဆောင်ချက်အသစ်ကို Grab အက်ပလီကေးရှင်းတွင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ယခုအခါ ခရီးသည်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ် (သို့) မြန်မာပလာဇာ ကဲ့သို့ ဈေးဝယ်စင်တာကြီး များတွင် Grab ငှားရမ်းမည်ဆိုပါက မြေပုံပေါ်တွင် အစိမ်းရောင်အစက်လေးများအား ရှာဖွေ၍ လာကြိုရမည့်နေရာ အတိအကျကို ရွေးချယ်နိုင်ပြီဖြစ်သည်။

ခရီးသည်များအနေဖြင့် မိမိအား မြန်မာပလာဇာ ဈေးဝယ်စင်တာ၏ အဓိက ဝင်ပေါက်တွင် လာကြိုရန် သို့မဟုတ် မြန်မာပလာဇာ Office Tower ဧည့်ခန်းဝင်ပေါက်တွင် လာကြိုရန် စသည်တို့ကို “Notes” ရေးသား၍လည်းကောင်း၊ ယာဉ်မောင်းထံ ဖုန်းခေါ်ဆို၍လည်းကောင်း ပြောဆိုရသည့် နေ့ရက်များ ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ယခု လုပ်ဆောင်ချက် အသစ်တွင် အသုံးဝင်သော တည်နေရာများကို ဖော်ပြပေးထားသောကြောင့် ခရီးသည်များအတွက် ကြိုရမည့် ပွိုင့်ကို တိတိကျကျ သတ်မှတ်နိုင်ရန် အကူအညီပေးနိုင်ပါသည်။ Entrances ဝန်ဆောင်မှုကို ရွှေတိဂုံဘုရား၊ Junction Square, Junction City နှင့် MICT Park စသည့် ဝင်ပေါက်များသည့် နေရာနှင့် လူသွားလူလာများသည့် နေရာအများစု တို့တွင် အသုံးပြုနိုင်ပြီဖြစ်ပြီး မကြာမီ ပိုမိုစုံလင်သော တည်နေရာများ ထည့်သွင်းနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ပုံမှန်အားဖြင့် မြေပုံဝန်ဆောင်မှုပေးသူများသည် အဆောက်အအုံများနှင့် နေရာများ အကြားတွင် တည်နေရာ အမှတ်အသားကို ထားရှိလေ့ရှိပါသည်။ နေရာကို A မှ B သို့ သွားမည်ဟု ညွှန်ပြရာတွင် အသုံးဝင်သော်လည်း ယာဉ်မောင်းနှင့် ခရီးသည်များအတွက် အကြို/အပို့ လုပ်ရာတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့် လေဆိပ်၊ ဈေးဝယ်စင်တာများ၊ ဘူတာရုံများနှင့် နိုင်ငံခြားခရီးသွားများ လည်ပတ်လေ့ရှိရာ နေရာများတွင် ပိုမို ခက်ခဲစေနိုင်သည်။ ဝင်ပေါက်များစွာ ရှိသည့်နေရာများတွင် ယာဉ်လမ်းကြောင်း ပိတ်ဆို့မှု ထပ်မံဖြစ်ပွားပါက ယာဉ်မောင်းများနှင့် ခရီးသည်များသည် ထိုနေရာအတွင်း၌ပင် တစ်ဦးနှင့်တစ်ဦး လှည့်လှည်ရှာဖွေနေရမည် ဖြစ်သည်။

ဒေသတွင်း စုဆောင်းထားသော အချက်အလက်များနှင့် စစ်တမ်းများအရ Grab ၏ မြေပုံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဖွဲ့သည် ဒေသတွင်းတွင် တိကျမှုရှိသည့် ကြိုရမည့်ပွိုင့်နေရာ အသစ် ၈,၅၀၀ ကျော်အား ဖြန့်ကျက်ထားရှိ နိုင်ခဲ့ပြီးဖြစ်သည်။ Grab အက်ပလီကေးရှင်းအတွင်း အစိမ်းရောင် အစက်လေးများသည် လူအသွားအလာ ထူထပ်သော နေရာများရှိ ကြိုရမည့်ပွိုင့်နေရာ အမျိုးမျိုးကို ပြသပေးထားမည်ဖြစ်သောကြောင့် ခရီးသည်များအနေဖြင့် မိမိနှင့် အဆင်ပြေဆုံး နေရာအား ပြောင်းလဲရွေးချယ်နိုင်ပါသည်။

 

“အစိမ်းရောင်စက်လေးတွေကြောင့် အရင်ကထက် ပိုလွယ်သွားတယ်။   ယာဉ်မောင်းဘက်က ဘယ်မှာလာကြိုရမယ်ဆိုတာ အတိအကျ သိသွားတယ်။ ကျွန်မတို့လည်း ယာဉ်မောင်းကို ဘယ်မှာစောင့်နေရမယ်ဆိုတာ သိတယ်။ အရင်ကဆို ဖုန်းခေါ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်မှာရှိနေလဲဆိုတာ မေးရပါတယ်။ ဈေးဝယ်စင်တာနဲ့ လေဆိပ်တွေလို လူအသွားအလာ များတဲ့နေရာတွေမှာ အက်ပလီကေးရှင်းက ကျွန်မတို့ ဘယ်ရောက်နေတယ်ဆိုတာ အတိအကျ ထောက်ပြနိုင်ရုံသာမက အနီးဆုံး ကြိုရမယ့် ပွိုင့်နေရာကိုလည်း အလိုအလျောက် ပြသပေးပါတယ်” ဟု နေ့စဉ် Grab အသုံးပြု၍  အလုပ်သွားလေ့ရှိသော ဟိုတယ်တစ်ခု၏ Marketing Executive ဖြစ်သူ မငြိမ်းအိငယ်က ပြောသည်။

Grab ၏ အဓိက ရည်ရွယ်ချက်မှာ ခရီးသည်များကို တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် လွယ်ကူချောမွေ့မှုအရှိဆုံး ဝန်ဆောင်မှု ပေးအပ်နိုင်ရန်ဖြစ်သည်။ ခရီးသည်များက ရွေးချယ်ထားသည့် ကြိုပွိုင့်နေရာမှ ကားရှိရာနေရာအကြား ဆုံရပ် အကွာအဝေးများကို လျှော့ချနိုင်စေရန် Grab က အချက်အလက် များစွာကို စုဆောင်းလေ့လာပြီး ခရီးသည်နှင့် မိတ်ဖက်ယဉ်မောင်းများထံမှ နေရာနှင့်စပ်လျဉ်းသည့် ဝေဖန်အကြံပြုချက်များကို ဆန်းစစ်ကာ တည်နေရာပြသရန် အခက်အခဲဆုံး နေရာများကို ဦးစွာ ရှာဖွေဖော်ထုတ်ခဲ့သည်။

Grab က အကောင်းဆုံး ကြိုရမည့်ပွိုင့်များ ထားသင့်သည့် တည်နေရာများကို အွန်လိုင်းမှတစ်ဆင့် ရှာဖွေပြီးနောက် အဆင်ပြေမှု ရှိမရှိ အတည်ပြုနိုင်ရန် တွေ့ရှိထားသည့် နေရာတစ်ခုချင်းစီသို့ သွားရောက်ခဲ့သည်။ Grab အဖွဲ့သားများက ဒေသခံများ၏ တွေ့ဆုံဆွေးနွေးပြီး ကြိုရမည့်ပွိုင့်နေရာများတွင် ယာဉ်အမျိုးမျိုး လာရောက်နိုင်ရန်၊  နေရာအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရန် ၎င်းတို့ထံမှ အကြံပြုချက်နှင့် ဆုံးဖြတ်ချက်များကိုလည်း ရယူခဲ့သည်။

ပိုမိုတိကျသည့် ကြိုရမည့်ပွိုင့်နေရာများဖြင့် ယာဉ်မောင်းများသည် ခရီးသည်များ စောင့်နေသည့် နေရာသို့ တိတိကျကျ သွားရောက်နိုင်ပြီဖြစ်သည်။ လာကြိုရမည့်နေရာ ပြောဆိုရာတွင် စိတ်ရှုပ်ထွေးပြီး ခရီးစဉ် ဖျက်သိမ်းနိုင်ခြေရှိသော ခရီးသည်ကို အလွယ်တကူ ရှာဖွေနိုင်ပြီဖြစ်သောကြောင့် ယာဉ်မောင်းများ၏ အခက်အခဲကို လျော့နည်းသွားစေပါသည်။ နိုင်ငံတစ်ဝှမ်းတွင် ယေဘုယျအားဖြင့် ခရီးသည်များအတွက် Grab အငှားယာဉ်နှင့် ဆုံရပ်အကွာအဝေး မီတာ ၄၀ အတွင်း သတ်မှတ်ထားရှိပေးနိုင်ပါက Entrances ဝန်ဆောင်မှုကို အဆင်ပြေစွာ အသုံးပြုလျက်ရှိသည်ဟု သတ်မှတ်နိုင်သည်။ ယခုအခါ စင်ကာပူနိုင်ငံတွင် ခရီးသည်အများစုမှာ ၎င်းတို့နှင့် မီတာ ၃၀ အတွင်း အငှားယာဉ် လာရောက်ကြိုနိုင်ရန် ခေါ်ဆိုနိုင်ပြီဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံး အငှားယာဉ်ဝန်ဆောင်မှု အတွေ့အကြုံတွေ ပေးအပ်လိုပါတယ်။ ခရီးသည်တွေကို သူတို့ရွေးချယ်ထားတဲ့ နေရာတွေမှာ အကြို၊ အပို့လုပ်ပေးနိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ တိုးတက်မှုတွေ ရှိနေပါပြီ။ ခရီးသည်တွေကို အကြိုအပို့လုပ်တဲ့နေရာမှာ တည်နေရာမှန်ကန်တိကျမှုကို ပိုလျင်လျင်မြန်မြန်နဲ့ ရရှိလာပါပြီ။ အခုဆိုရင် ခရီးသည်တွေအနေနဲ့ ကိုယ်စောင့်နေတဲ့ လေဆိပ်ထွက်ပေါက်မှာဖြစ်စေ၊ စက်မှုဇုန်ကြီးတစ်ခုရဲ့ တစ်နေရာမှာဖြစ်စေ၊ ဈေးဝယ်စင်တာရဲ့ တစ်နေရာရာမှာဖြစ်စေ ဆုံမှတ်နေရာ အတိအကျမှာ လာကြိုနိုင်တော့မှာဖြစ်လို့ သက်သောင့်သက်သာနဲ့ လွယ်လွယ်ကူကူ စီးနင်းနိုင်ပါပြီ” ဟု Grab ၏ မြေပုံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဖွဲ့၊ ဒေသတွင်း အကြီးအကဲဖြစ်သူ Ajay Bulusu က ပြောသည်။

ထို့အပြင် ခရီးသည် တစ်ဦးသည် Grab အက်ပလီကေးရှင်း အသုံးပြုပြီး ငှားရမ်းချိန်တွင် ခရီးသည်၏ သွားလာနေကျဖြစ်သော လမ်းကြောင်းများကို မှတ်သားလေ့လာထားသည့် စနစ်ပါရှိသောကြောင့် သွားလိုသည့်နေရာကို အလိုအလျောက် ဖြည့်စွက်ပေးနိုင်သည်။

Grab က အကြို၊ အပို့ ပွိုင့်နေရာများအား ပိုမို တိကျမှုရှိစေရန် လုပ်ဆောင်လျက်ရှိသောကြောင့် တည်နေရာ တိတိကျကျ မရှိသေးသော နေရာများကို အမြန်ဆုံး ပြင်ဆင် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ထို့သို့ လုပ်ဆောင်နိုင်ရန် ခရီးသည်များအနေဖြင့်လည်း တည်နေရာ မပြသနိုင်သော နေရာများကို ဝေဖန်အကြံပြုပေးပါရန် Grab မှ ဖိတ်ခေါ်ထားပါသည်။ Grab အက်ပလီကေးရှင်းရှိ Help Centre အတွင်းတွင် “ပြီးခဲ့သော ခရီးစဉ်နှင့် ပတ်သက်၍ Report တင်ခြင်း” ခေါင်းစဉ်အောက်ရှိ “မြေပုံ (သို့မဟုတ်) တည်နေရာ အခက်အခဲများကို Report တင်ခြင်း” ထဲသို့ ဝင်ရောက်အကြံပြုနိုင်ပါသည်။ ခရီးသည်များသည် “လမ်းကြောင်း သို့မဟုတ် ဝင်ပေါက်နေရာ မှားယွင်းမှု” ဖြစ်စေ၊ “လိပ်စာ၊ အမည် သို့မဟုတ် အကြို၊ အပို့ တည်နေရာ ထည့်သွင်းရန် လိုအပ်မှု” ဖြစ်စေ မိမိ ဝေဖန်အကြံပြုချက်ပြုလိုသည့် မည်သည့်အချက်ကိုမဆို ရွေးချယ်ပြီး အကြောင်းကြားနိုင်ပါသည်။

နိုင်ငံတစ်ဝန်း အငှားယာဉ်ဝန်ဆောင်မှုပေးရန်အတွက် ပြီးပြည့်စုံသည့် မြေပုံတစ်ခု ဖန်တီးရာ၌ ခရီးသည်များထံမှ ဝေဖန်အကြံပြုချက်များသည် Grab အတွက် အရေးကြီးသော အထောက်အပံ့များဖြစ်ပါသည်။ Grab အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒေသတစ်ဝန်းရှိ ခရီးသည်များ၏ အကြံပြုချက်များအပေါ် အခြေခံပြီး မြေပုံပေါ်တွင် တည်နေရာ ၂,၀၀၀ ခန့်ကို ပြင်ဆင်ဖြည့်စွက်နိုင်ခဲ့သည်။

ယာဉ်မောင်းများအနေဖြင့် Grab အက်ပလီကေးရှင်း အတွင်းရှိ “Driver Rate Trip” လုပ်ဆောင်ချက်၌ပင် တည်နေရာ အခက်အခဲများကို Grab ၏ အင်ဂျင်နီယာနှင့် လုပ်ငန်းဆောင်ရွက်မှု အဖွဲ့သို့ တိုက်ရိုက် အသိပေးအကြောင်းကြားနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်ကို စတင်အပြီး လေးလအတွင်း  ဒေသတွင်းရှိ မိတ်ဖက်ယာဉ်မောင်းများမှ  ဝေဖန်အကြံပြုထားသည့် တည်နေရာပေါင်း ၅၀,၀၀၀ ကျော်ကို Grab မှ ပြင်ဆင်ပေးခဲ့ပြီး ဖြစ်သည်။ မိတ်ဖက်ယာဉ်မောင်းများသည် Grab ထံသို့ ဝင်ရောက်ခွင့်မရှိသော အကြို၊ အပို့ ပွိုင့်နေရာများ၊ ပိတ်ထားသည့် လမ်းမများသာမက ထည့်သွင်းထားခြင်း မရှိသေးသော လမ်းကြိုလမ်းကြားများအထိ အသိပေး အကြောင်းကြားခဲ့သည်။

“အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းအတွက် အရှေ့တောင်အာရှဒေသကြီးတစ်ခုလုံးရဲ့ ပြည့်စုံကောင်းမွန်တဲ့ မြေပုံရေးဆွဲနိုင်ဖို့ လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဒီအလုပ်တွေကို ကျွန်တော်တို့ရဲ့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေက ပေးလာတဲ့ ဝေဖန်အကြုံပြုချက်တွေကနေ လုပ်ဆောင်သွားမှာပါ။ အချင်းချင်း ရိုင်းပင်းကူညီကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စုပေါင်းအင်အားနဲ့ အတူတကွ အောင်မြင်နိုင်ကြမှာပါ” ဟု Ajay က ပြောသည်။

Grab ၏ “Entrances” အက်ပလီကေးရှင်း လုပ်ဆောင်ချက်အသစ်အကြောင်းကို https://bit.ly/2whs9Me တွင်လည်းကောင်း၊ Grab Myanmar နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက http://www.grab.comသို့မဟုတ် www.facebook.com/GrabMM  တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter