Press Centre

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Digital Mapathon ပြိုင်ပွဲကြီးတွင် ဆုရရှိသူများထွက်ပေါ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒစ်ဂျစ်တယ် မြေပုံရေးဆွဲပြိုင်ပွဲ 2018 Yangon Map Challenge တွင် ဆုရရှိသွားသည့် ပြိုင်ပွဲဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသော သင်္ဃန်းကျွန်းမြို့နယ်အဖွဲ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီ၊ ဖန်တီးရာ၌  ဆုငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ရန်ကုန်၊ မြန်မာ၊ မတ်လ ၁၉ ရက်နေ့၊ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒစ်ဂျစ်တယ် မြေပုံရေးဆွဲပြိုင်ပွဲ 2018 Yangon Map Challenge တွင် ဆုရရှိသွားသည့် ပြိုင်ပွဲဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသော သင်္ဃန်းကျွန်းမြို့နယ်အဖွဲ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီ၊ ဖန်တီးရာ၌  ဆုငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဖန်တီးရာမှ ကြီးမှူးကျင်းပပြီး Grab နှင့် OneMap Myanmar မှ ကူညီပံ့ပိုးပေးထားသော 2018 Yangon Map Challenge ပြိုင်ပွဲကို ဒေသခံများနှင့် ရန်ကုန်မြို့သို့ လာရောက်လည်ပတ်သူများအတွက် အွန်လိုင်းမြေပုံပေါ်တွင် နေရာများ ပိုမိုပြည့်စုံလာစေရန်နှင့် လာမည့်နှစ်များတွင် မြို့တော်အတွင်း လမ်းမကြီးများ၊ လမ်းငယ်များ၊ လမ်းကြိုလမ်းကြားများရှိ မိမိသွားရောက်လိုသည့် နေရာများကို လွယ်ကူစွာ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ပြိုင်ပွဲအစပိုင်းတွင် ပြိုင်ပွဲဝင် ၁၀၈ ဦးက ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ရန်ကုန်မြို့ရှိ လမ်းမများကို စူးစမ်းလေ့လာခဲ့ကြပြီး ထည့်သွင်းထားခြင်းမရှိသေးသော အွန်လိုင်းမြေပုံနေရာများကို ဖြည့်စွက်ထည့်သွင်းကာ ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်အဖွဲ့များသည် သတ်မှတ်ထားသည့် မြို့နယ်များသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သွားရောက်ခဲ့ကြပြီး မတ်လ ၃ ရက်နေ့၊ နံနက် ၉ နာရီခွဲအထိ ရက်သတ္တပတ်အချိန်အတွင်း မိမိတို့၏ laptop နှင့် ဖုန်းများဖြင့် အခမဲ့ အသုံးပြုနိုင်သော အွန်လိုင်းမြေပုံစနစ်တစ်ခုဖြစ်သည့် OpenStreetMap ကို အသုံးပြု၍ မြေပုံပေါ်တွင် ရေးဆွဲထားခြင်းမရှိသေးသော နေရာများကို မှတ်သားဖြည့်သွင်းခဲ့ကြသည်။

ပြိုင်ပွဲဝင် အဖွဲ့များသည် လှည်းတန်း၊ ဗဟန်း၊ တာမွေ၊ အင်းစိန်၊ ကြည့်မြင့်တိုင်၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပနှင့် ဆိပ်ကမ်း၊ မှော်ဘီ၊ လမ်းမတော်၊ ပန်းပဲတန်း နှင့် ဗိုလ်တစ်ထောင် စသည့် မြို့နယ်များစွာ အတွင်းမှ စုစုပေါင်း နေရာ တစ်သန်းကျော်အထိ အွန်လိုင်းမြေပုံပေါ်တွင် ဖြည့်စွက်ပေးနိုင်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်မှ ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး ပိုမို လွယ်ကူကောင်းမွန်သော သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အွန်လိုင်းမြေပုံကို အဆင့်မြှင့်တင်ခြင်း၏ အရေးပါပုံအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ “နေ့စဉ်သွားလာနေရတဲ့သူတွေအတွက် မြေပုံက အရမ်းကို အရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ ရန်ကုန်မြေပုံကို ပိုပြီးကောင်းလာအောင် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ တချို့နိုင်ငံတွေမှာ မြေပုံနည်းပညာတွေကို အသုံးပြုနေကြပြီဆိုတော့ ကျွန်တော်တို့ဆီမှာလည်း မြေပုံနည်းပညာ ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးစားနေကြပါတယ်။ လူငယ်တွေ နည်းပညာကို စိတ်ဝင်တစားနဲ့ လေ့လာကြပြီး ဒီလို Yangon Map Challenge အစီအစဉ်တွေမှာ ပါဝင်လာကြတာကို ကျွန်တော်တို့ အားပေးပါတယ်။ အစိုးရကလည်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ICT နည်းပညာတွေကို ပိုပြီး အသုံးချသွားမှာ ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းမြေပုံ Mapathon ပြိုင်ပွဲ ဖြစ်မြောက်အောင် ကြီးမှူးကျင်းပပေးတဲ့ ဖန်တီးရာ၊ Grab နဲ့ OneMap Myanmar တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။

Grab အနေဖြင့် အချက်အလက် တိကျမှန်ကန်ပြီး လူတိုင်း အလွယ်တကူ အသုံးပြုနိုင်သော မြေပုံများသည် မြန်မာနိုင်ငံရှိ Grab ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် သာမက ပိုမို ကြီးမားသော လူ့အဖွဲ့အစည်းအထိ အကျိုးကျေးဇူး ရရှိနိုင်ကြောင်း ယုံကြည်ထားခြင်းကြောင့် ယခုကဲ့သို့ 2018 Yangon Map Challenge ပြိုင်ပွဲအတွက် ပါဝင်ပံ့ပိုးကူညီရခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ စမတ်ဖုန်းခေတ်တွင် မြန်မာနိုင်ငံမှ လူများအတွက် နေရာပြ အချက်အလက်များသည် နေ့စဉ်ဘဝ၏ အစိတ်အပိုင်း ဖြစ်လာသောကြာင့် အဆိုပါ ပြိုင်ပွဲဖြင့် နည်းပညာအသုံးပြု တီထွင်ဆန်းသစ်မှု လမ်းကြောင်းကို ခင်းကျင်းပေးနိုင်ခဲ့ပါသည်။ 2018 Yangon Map Challenge ပြိုင်ပွဲတွင် အဖွဲ့အသီးသီးရှိ ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးချင်းစီအတွက် ငွေကျပ် ၁၅,၀၀၀ တန် Grab စီးနင်းခွင့် လက်မှတ်များကို ပြိုင်ပွဲ ကာလအတွင်း မြေပုံရေးဆွဲဖြည့်သွင်းရာတွင် အထောက်အကူရရန် ပေးအပ်ခဲ့ပါသည်။

“ဒစ်ဂျစ်တယ် နည်းပညာ အသုံးချပြီး ပြည့်စုံတဲ့ မြေပုံတွေ ဖန်တီးနိုင်တဲ့အတွက် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ ကဏ္ဍတွေမှာ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ မြေပုံတွေဆိုတာ အစိုးရအဖွဲ့အစည်းတွေ၊ လူသားအကျိုးပြုလုပ်ငန်း လုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ ပြည်သူလူထုအတွက် အရေးကြီးတဲ့ အချက်အလက်တစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ဆောင်မှုတွေ လိုက်လံပေးအပ်ဖို့နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကနေ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအထိ ဒီမြေပုံ အချက်အလက်တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့လုပ်ငန်းစဉ်တွေကို ပိုမို ကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Yangon Map Challenge ရဲ့ အောင်မြင်မှုနဲ့အတူ Grab အနေနဲ့ OpenStreetMap စနစ်ကို ပံ့ပိုးကူညီပေးသွားမယ့်အပြင် အစိုးရနဲ့ အများပြည်သူသုံး ဝန်ဆောင်မှုတွေအတွက် အချက်အလက် ပြည့်စုံပြီး အားလုံးအသုံးပြုနိုင်တဲ့ မြေပုံတွေရရှိလာအောင် OneMap Myanmar ကို ပိုပြီး အသုံးပြုနိုင်လာဖို့ လုပ်ဆောင်ပေးသွားပါမယ်” ဟု Grab Myanmar တွင် Country Head အဖြစ် တာဝန်ယူ လုပ်ကိုင်လျှက်ရှိသော Alvin Loh က ပြောသည်။

“မြန်မာနိုင်ငံက နေရာ တော်တော်များများက ဒစ်ဂျစ်တယ်စနစ်နဲ့ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုအတွက် နိုင်ငံသားအားလုံး အချက်အလက် ပြည့်စုံတဲ့ မြေပုံတွေကို အသုံးပြုနိုင်ဖို့က အရေးကြီးပါတယ်။ ဖန်တီးရာရဲ့ မြေပုံပြိုင်ပွဲကနေ ရန်ကုန်မြို့ ဒစ်ဂျစ်တယ် လမ်းပြမြေပုံပေါ်မှာ အချက်အလက်နဲ့ နေရာတွေ ပိုများလာပြီး ဘယ်သူမဆို အသုံးပြုနိုင်တဲ့ မြေပုံတွေဖြစ်လာအောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီပြိုင်ပွဲလေးကို လူတွေအများကြီး စိတ်ဝင်စားခဲ့တာကြောင့် မြန်မာနိုင်ငံမှာ မြေပုံရေးဆွဲတဲ့ အဖွဲ့တွေ တိုးတက်များပြားလာတာကို တွေ့ရလို့ အရမ်းပဲ စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်” ဟု ဖန်တီးရာ၏ CEO ဖြစ်သူ Jes Kaliebe Petersen က ပြောသည်။

“OneMap Myanmar က ဖန်တီးရာ၊ Grab တို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ OpenStreetMap ကို စိတ်ပါဝင်စားသူ တွေ ပါဝင်တဲ့ အုပ်စုတစ်ခု ဖွဲ့စည်းခွင့်ရခဲ့လို့ အရမ်းပဲ ဝမ်းသာမိပါတယ်။ ရန်ကုန်မြို့ မြေပုံဆွဲပြိုင်ပွဲကြီးက အဖွဲ့အစည်းမျိုးစုံက လူတွေကို မြန်မာနိုင်ငံမှာရှိတဲ့ ကျယ်ပြန့်လှတဲ့ များစွာသော အချက်အလက်တွေကို ထည့်သွင်းပေးကြဖို့ တိုက်တွန်းအားပေးနိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေဆိုတာ အားလုံး အတူတကွ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်တယ်ဆိုတာ ပိုပြီး သိလာအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်” ဟု OneMap Myanmar ၏ Poject Coordinator ဖြစ်သူ Dr. Joan Bastide က ပြောသည်။

2018 Yangon Map Challenge ပြိုင်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ်အဖွဲ့က အွန်လိုင်း မြေပုံအချက်အလက်များအား အပြည့်စုံဆုံး ဖြည့်သွင်းနိုင်ခဲ့ပြီး ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရှိသွားခဲ့ပါသည်။ အနိုင်ရရှိသွားသည့် အဖွဲ့သည် ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ နေရာသစ် ၂၂၄၂၅ ခုကို ထည့်သွင်းပြီး အနိုင်ရရှိသွားခြင်းဖြစ်သည်။

“ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ စက်ပစ္စည်းနဲ့ နေရာရှာရတဲ့ အခက်အခဲတွေ အများကြီး ရှိခဲ့ပေမယ့် ကျွန်တော်တို့အားလုံး မဖြစ်ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်။ အခုလို ပထမဆု ရသွားတော့ တစ်ဖွဲ့လုံး အရမ်းပျော်နေကြတယ်။ မြန်မာနိုင်ငံမှာ မြေပုံရဲ့ အသုံးဝင်ပုံကို ပိုပြီး သတိထားမိလာအောင်၊ အားလုံးအတွက် အကျိုးရှိတဲ့ မြေပုံတစ်ခု ရလာအောင် ဒီပြိုင်ပွဲကို စီစဉ်ကျင်းပပေးတဲ့ ဖန်တီးရာ၊ OneMap Myanmar နဲ့ Grab တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းလည်း ဒီလိုမျိုး ပြိုင်ပွဲတွေ ထပ်လုပ်ပေးပြီး လူတွေများများ ပိုပြီးပါဝင်လာအောင် လုပ်ပေးဖို့ အကြံပြုချင်ပါတယ်” ဟု ပထမဆု ဆွတ်ခူးသွားသည့် အသင်းခေါင်းဆောင် ကိုရဲမင်းအောင် ကပြောသည်။

2018 Yangon Map Challenge အကြောင်း နောက်ဆုံးရ သတင်းအချက်အလက်များနှင့် အသေးစိတ် သိရှိလိုပါက ဖန်တီးရာ တရားဝင် Facebook စာမျက်နှာ www.facebook.com/phandeeyar တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Grab Myanmar နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက http://www.grab.com သို့မဟုတ် www.facebook.com/GrabMM တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter