Press Centre

ပိုမိုပြည့်စုံကောင်းမွန်သောရန်ကုန်မြို့ကြီးဖြစ်လာရန် သွားလာရေးအခက်အခဲများကို တိုင်ပင်ဆွေးနွေးသည့်အစည်းအဝေးပွဲ ကျင်းပပြုလုပ်

Impact Hub Yangon သည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ အေဒင်စင်တာ မသန်စွမ်းကလေးများကျောင်း၊ Grab နှင့် အခြားလူမှုအဖွဲ့ အစည်းများအပါအဝင် မိတ်ဖက်လုပ်ငန်းများနှင့်ပူးပေါင်း၍ ‘Moving Yangon Forward: The Urban Mobility Forum’ အစည်းအဝေးပွဲတစ်ခုကို ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်၊ မြန်မာ၊ ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၉ ခုနှစ် – Impact Hub Yangon သည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ အေဒင်စင်တာ မသန်စွမ်းကလေးများကျောင်း၊ Grab နှင့် အခြားလူမှုအဖွဲ့ အစည်းများအပါအဝင် မိတ်ဖက်လုပ်ငန်းများနှင့်ပူးပေါင်း၍ ‘Moving Yangon Forward: The Urban Mobility Forum’ အစည်းအဝေးပွဲတစ်ခုကို ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ Chatrium Hotel Royal Lake Yangon ၏ Grand Ballroom တွင် နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးပွဲ၌ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍအသီးသီးနှင့် လူမှုအဖွဲ့အစည်းများရှိ တာဝန်ရှိပုဂ္ဂိုလ်များ ဦးဆောင်၍ ရန်ကုန်မြို့တွင်း သွားရေး လာရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်ဖွံ့ဖြိုးလာခြင်းဖြင့် ပိုမို ပြည့်စုံကောင်းမွန်သော မြို့တော်ကြီးတစ်ခု ဖန်တီးနိုင်ရန် အမှာစကားများ၊ တင်ပြဆွေးနွေးချက်များနှင့် တက်ကြွစွာ တိုင်ပင်ဆွေးနွေးနိုင်သည့် စကားဝိုင်းများ ထည့်သွင်းကျင်းပခဲ့ရာ စိတ်ပါဝင်စားသူ (၁၀၀) ကျော် တက်ရောက်လေ့လာခဲ့ကြသည်။

ယခုအကြောင်းအရာနှင့် အစည်းအဝေးပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ Waterbus Yangon ၊ Capital Automotive Ltd ၊ Kargo နှင့် ဒို့အိမ်တို့ ပူးပေါင်းစီစဉ်သည့် အစည်းအဝေးပွဲကြီး ဖြစ်ပါသည်။ အစည်းအဝေးပွဲတွင် တိုင်ပင်ဆွေးနွေးသွားမည့် အဓိက အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ရန်ကုန်မြို့တွင်း သွားလာရာတွင် ကြုံတွေ့နေရသော အခက်အခဲများဖြစ်သည့် ခရီးစဉ် ကြာမြင့်ချိန်၊ သက်သောင့်သက်သာဖြစ်မှု၊ လုံခြုံမှု၊ ယုံကြည်စိတ်ချရသော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် မသန်စွမ်းသူများအတွက် သွားလာဆက်သွယ်ရေး လိုအပ်နေမှု
  • အဆင့်မြင့် နည်းပညာများနှင့် စက်ကိရိယာများ အသုံးပြုနိုင်ရေး၊ သယ်ယူပို့ဆောင်ရေး ပုံစံအမျိုးမျိုး အတွက် ဘက်ပေါင်းစုံမှ ငွေပေးချေရာတွင် အခက်အခဲမရှိ လွယ်ကူစွာ ပြုလုပ်နိုင်ရေး အစရှိသည့် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်၏ အနာဂတ်
  • သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို မျှဝေအသုံးပြုနိုင်ခြင်း

အစည်းအဝေးပွဲကို အဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ပေးခဲ့သည့် Grab Myanmar & Cambodia မှ Head of Expansion Region ဖြစ်သူ Alvin Loh က “၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံကို Grab စတင်ရောက်ရှိ လာစဉ်ကတည်းက နိုင်ငံသားတွေရဲ့ ပို့ဆောင်ဆက်သွယ်ရေးစနစ်ကို ကူညီပံ့ပိုးပေးနိုင်ဖို့ အခွင့်အလမ်းတွေ နဲ့အတူ စိန်ခေါ်မှုတွေပါ  ကျွန်တော်တို့ တွေ့ကြုံခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ အားထုတ် လုပ်ဆောင်မှုတွေဟာ  မြန်မာနိုင်ငံမှာ အကြီးဆုံး အက်ပလီကေးရှင်းသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လာနိုင် စေခဲ့ပါတယ်။ Grab အနေနဲ့ ဒေသတွင်းက အစိုးရအဖွဲ့အစည်းတွေ အပါအဝင် Impact Hub တို့၊ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့လို တက်ကြွစွာ လှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့ပါ ပူးပေါင်း ပြီး သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ နားခိုရာအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ သွားရေးလာရေး လိုအပ်ချက်တွေကို  ပြုပြင်ပြောင်းလဲပြီး စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနေတဲ့ မြို့တော်တစ်ခုအဖြစ် ပုံဖော်ရာမှာ တစ်ထောင့် တစ်နေရာက ပံ့ပိုးကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

“ရန်ကုန်မြို့နေ ပြည်သူတွေအတွက် မြို့တွင်း သွားလာဆက်သွယ်ရေးကဏ္ဍကို ပိုပြီး သတိပြုလာကြစေမယ့် အခုလို အစည်းအဝေးပွဲ ဖြစ်မြောက်အောင် ကြီးမှူးကျင်းပ၊ ပံ့ပိုးကူညီပေးခဲ့တဲ့သူတွေ အားလုံးကို တကယ့်ကို  ကျေးဇူးတင် ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ ဒီအစည်းအဝေးပွဲကြီး အောင်အောင်မြင်မြင် ကျင်းပ  နိုင်အောင် Grab ၊ Water Bus နဲ့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့နဲ့အတူ ပူးပေါင်း  ဆောင်ရွက်ခဲ့တဲ့ Impact Hub Yangon ကို အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရန်ကုန်မြို့ ဆိုတာ လူဦးရေ (၆) သန်းကျော်ရဲ့ နေထိုင်ရာအိမ်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အဆင့်အတန်း မြင့်မားတဲ့ အကြီးဆုံး မြို့တော်တစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့နေ လူဦးရေပေါင်း (၂.၈) သန်းဟာ နေ့စဉ် သွားလာဆက်သွယ်ရာမှာ ဘတ်စ်ကားတွေ၊ တက္ကစီတွေ၊ ကိုယ်ပိုင်ကားတွေ၊ မီးရထားတွေ၊ water bus တွေနဲ့ သမ္ဗန်တွေကို အသုံးပြုနေကြပါတယ်။ ဒီအထဲမှာ မြို့နေလူဦးရေ (၂.၃) သန်းဟာ ဘတ်စ်ကားကိုသာ အဓိက အသုံးပြုနေကြတဲ့အတွက် နေ့စဉ် ခရီးသွားပြည်သူ (၈၅) ရာခိုင်နှုန်းဟာ ဘတ်စ်ကားနဲ့ သွားလာနေတယ်လို့ ဆိုနိုင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်အောင် က အခမ်းအနား၏ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြား ခဲ့သည်။

မြို့ပြသွားလာဆက်သွယ်ရေး စီမံကိန်း ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် Grab Myanmar & Cambodia မှ Head of Expansion Region ဖြစ်သူ Alvin Loh နှင့်အတူ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်၊ အေဒင်စင်တာ၏ မန်နေဂျင်းဒါရိုက်တာ ဦးသာခိ နှင့် Impact Hub Yangon မှ Rita O’Sullivan တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးပွဲ အခမ်းအနားတွင် အောက်ပါ ဆွေးနွေးပွဲနှစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၁) မြို့ပြသွားလာဆက်သွယ်ရေး စီမံကိန်း – Impact Hub Yangon မှ Rita O’Sullivan က ကူညီဆောင်ရွက်သည်။

  • ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်
  • အေဒင်စင်တာ၏ မန်နေဂျင်းဒါရိုက်တာ ဦးသာခိ
  • Grab Myanmar & Cambodia ၏ Head of Expansion Region ဖြစ်သူ Alvin Loh
  • Impact Hub Yangon မှ Rita O’Sullivan

အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တွင်းနှင့် အနီးတစ်ဝိုက် ဒေသများရှိ သယ်ယူပို့ဆောင်ရေး ပုံစံများ၊ နည်းစနစ်များ အားလုံးကို ပူးပေါင်း၍ ရှေရှည်ဖွံ့ဖြိုးတိုးတက်သည့် မြို့ပြသွားလာဆက်သွယ်ရေး စီမံကိန်းတစ်ခု  ရေးဆွဲလုပ်ဆောင်သွားကြရန် ဆွေးနွေးခဲ့ကြသည်။

၂) သွားလာဆက်သွယ်ရေး ဖန်တီးမှု – Impact Hub Yangon မှ Klaus Oberbauer ကူညီဆောင်ရွက်သည်။

  • ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့၊ အတွင်းရေးမှူး ဒေါက်တာ  မောင်အောင်
  • Yangon Water Bus မှ CEO ဖြစ်သူ ဒေါ်တင့်တင့်လွင်
  • Kargo တည်ထောင်သူ Alex Wicks
  • ဒို့အိမ်မှ Deputy Director ဖြစ်သူ Beverley Salmon
  • Capital Automotive Ltd မှ General Manager ဖြစ်သူ Mike Pease
  • Impact Hub Yangon မှ Klaus Oberbauer

ဒုတိယပိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက ရန်ကုန်မြို့တွင်း သွားလာဆက်သွယ်ရေး ပိုမို ပြည့်စုံ  ကောင်းမွန်စေရန် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာတွင် အောင်မြင်ခဲ့သည့် ဖြစ်ရပ်များကို အတုယူလေ့လာခြင်း အပါအဝင် လျှပ်စစ်ယာဉ်များ၊ ခေတ်မီ ယာဉ်ကြောထိန်းသိမ်းနည်းစနစ်များနှင့် သွားလာရေးပုံစံမျိုးစုံ ဘွတ်ကင်တင်နိုင်သည့် နည်းပညာ ပလက်ဖောင်းများ အစရှိသည့် လူသုံးများသော  နောက်ဆုံးပေါ် နည်းပညာ ရေစီးကြောင်းတို့ကို အသုံးပြုခြင်း စသည့် လုပ်ဆောင်ချက်အသစ်များအကြောင်း  ဆွေးနွေးခဲ့ကြပါသည်။

စကားဝိုင်း ဆွေးနွေးပွဲ အပြီးတွင် ပါဝင်ဆွေးနွေးသူများနှင့် တက်ရောက်လာသူများ အချင်းချင်း ရင်းရင်းနှီးနှီး  တွေ့ဆုံမိတ်ဆက်ကာ အတွေးအမြင်များ အပြန်အလှန် မျှဝေခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ  ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

“အခုလို ပထမဆုံးအကြိမ်မြောက် ‘Moving Yangon Forward: The Urban Mobility Forum’ ကို အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးနဲ့ လူမှုအဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီး ကျင်းပခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ရန်ကုန်မှာ အခုလို မြို့ပြသွားလာဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်တဲ့ ပထမဦးဆုံး အစည်းအဝေး ပြုလုပ်လိုက်တဲ့အတွက် ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ အနာဂတ် သွားလာ ဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်စေဖို့ အရှိန်မြှင့်ပေးလိုက်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။  အောင်မြင်မှု ရဖို့ဆိုတာကတော့ မိတ်ဖက်လုပ်ငန်းတွေအားလုံး ရင်းရင်းနှီးနှီး ပူးပေါင်းလုပ်ကိုင်ပြီး အမှန်တကယ် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းပညာ စွမ်းရည်တွေ၊ နည်းပညာ လုပ်ဆောင်ချက် အသစ်  တွေကို လေ့လာထိတွေ့နိုင်မှုအပေါ်မှာ မူတည်နေပါတယ် ” ဟု Impact Hub Yangon ၏ Co-Founder ဖြစ်သူ Klaus Oberbauer က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ယာဉ်ထိန်းရဲ ကြီးကြပ်မှုကော်မတီမှ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၁၇,၄၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုများအတွင်း သေဆုံးသူ ၅,၁၈၄ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၆,၇၄၁ ဦး ရှိသည်ဟု ဖော်ပြထားရာ ‘Moving Yangon Forward: The Urban Mobility Forum’ အစည်းအဝေးပွဲသည် ၎င်းနှင့် အချိန်ကိုက်ပင် ဖြစ်သည်။ ရန်ကုန်မြို့သည် ယာဉ်တိုက်မှုပေါင်း ၂,၆၈၄ ကြိမ်၊ သေဆုံးသူ ၅၉၉ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃,၁၆၄ ဦးဖြင့် ယာဉ်မတော်တဆမှု အများဆုံးမြို့အဖြစ် ရပ်တည်နေကြောင်း ဖော်ပြထားပါသည်။[1]

[1] Source: 23 January 2019, Eleven Media: 5,184 traffic-related deaths, 26,741 injuries reported last year

 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter