Press Centre

Grab နှင့် ထိပ်တန်း နိုင်ငံတော်ပိုင် အာမခံကုမ္ပဏီ မြန်မာ့အာမခံတို့ ပူးပေါင်း၍ မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံ ပေးအပ်သွားမည်

အရှေ့တောင်အာရှ၏ ထိပ်တန်း Offline-to-Online (O2O) မိုဘိုင်း ပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် GrabTaxi ၊ GrabThoneBane သို့မဟုတ် GrabBike ခရီးစဉ် တစ်ခုအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားပါက မိတ်ဖက်ယာဉ်မောင်းနှင့် ခရီးသည်များ အားလုံး အကျိုးခံစားခွင့် ရရှိနိုင်မည့် ၎င်း၏ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှုအာမခံ (PAI) အမျိုးအစားအတွက် မြန်မာနိုင်ငံ၏ ထိပ်တန်း နိုင်ငံတော်ပိုင် အာမခံကုမ္ပဏီ ဖြစ်သော မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်းထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်ပါသည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇွန် ၁၈ ရက် – အရှေ့တောင်အာရှ၏ ထိပ်တန်း Offline-to-Online (O2O) မိုဘိုင်း ပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် GrabTaxi ၊ GrabThoneBane သို့မဟုတ် GrabBike ခရီးစဉ် တစ်ခုအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားပါက မိတ်ဖက်ယာဉ်မောင်းနှင့် ခရီးသည်များ အားလုံး အကျိုးခံစားခွင့် ရရှိနိုင်မည့် ၎င်း၏ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှုအာမခံ (PAI) အမျိုးအစားအတွက် မြန်မာနိုင်ငံ၏ ထိပ်တန်း နိုင်ငံတော်ပိုင် အာမခံကုမ္ပဏီ ဖြစ်သော မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်းထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်ပါသည်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များရှိ  လေးဘီး၊ သုံးဘီးနှင့် နှစ်ဘီးတပ် အငှားယာဉ်များအားလုံး အကျုံးဝင်သည့် စုပေါင်း တစ်ကိုယ်ရေ ထိခိုက်မှုအာမခံ (PAI) ပေါ်လစီတစ်ခု ရယူထားရှိသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့်အညီ Grab သည် မြန်မာနိုင်ငံတွင် ဘေးကင်းလုံခြုံရေး စံနှုန်းများ ပိုမို တိုးတက်လာစေရန် ရှေ့ဆောင် လမ်းပြအနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။

Grab ၏ ပလက်ဖောင်းပေါ်တွင် ကြိုတင်ကာကွယ်နိုင်သည့် မတော်တဆဖြစ်ရပ်များ လုံးဝ မရှိစေရန် ဆောင်ရွက် သွားမည့် မျှော်မှန်းချက်နှင့် ပိုမို ဘေးကင်းလုံခြုံသော ခရီးစဉ်များ ဖန်တီးပေးမည်ဟူသည့် ကတိကဝတ်တို့နှင့် အညီ မြန်မာနိုင်ငံတွင် Grab ပလက်ဖောင်းပေါ်ရှိ ခရီးစဉ် တစ်ခုချင်းစီတိုင်းအတွက် အာမခံထားပြီး ဖြစ်ကြောင်း Grab မှ ကတိပြုပါသည်။ အဆိုပါ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံ (PAI) သည် မိတ်ဖက်ယာဉ်မောင်း များနှင့် ခရီးသည်များ အားလုံးအတွက် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

  • Grab သည် အက်ပလီကေးရှင်း အသုံးပြုသူများထံမှ အခကြေးငွေ အပိုကောက်ခံခြင်းမရှိဘဲ ယခုကဲ့သို့ အာမခံ ခံစားခွင့် ပေးအပ်ထားခြင်း ဖြစ်ပါသည်။
  • Grab မှ ပေးအပ်ထားသော စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံ (PAI) မှာ တစ်ကိုယ်ရေ ထိခိုက်မှုများ အားလုံးအတွက် အကျုံးဝင်ပါသည်။မိတ်ဖက်ယာဉ်မောင်း ကိုယ်တိုင် ဝယ်ယူထားသည့် အချို့သော တစ်ဦးချင်း လုပ်ငန်းသုံး အာမခံ ပေါ်လစီများသည် သူတစ်ပါးကြောင့်  ဖြစ်ပွားသော ယာဉ်မတော်တဆ မှုများအတွက်သာ အာမခံ ရယူခံစားနိုင်မည် ဖြစ်ပါသည်။
  • စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံတွင် အရေးပေါ် မတော်တဆမှုများ အားလုံးအတွက် မြန်မာ့အာမခံ လုပ်ငန်း မှ သတ်မှတ်ပေးထားသော နစ်နာကြေးကို အပြည့်အဝ ရယူခံစားနိုင်မည် ဖြစ်ပါသည်။

“ကျွန်မတို့ရဲ့ တစ်ကိုယ်ရေထိခိုက်မှု အာမခံ အစီအစဉ်ဟာ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ လူမှုဘဝဖူလုံရေး အတွက် ပြုလုပ်ပေးနေတဲ့ Grab ရဲ့ ရှေရှည် ကတိကဝတ်တစ်ခုကို ပိုပြီး ခိုင်မာစေမယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အငှားယာဉ်မောင်း အများစုမှာ အသက်အာမခံနဲ့ ကျန်းမာရေး အာမခံပေါ်လစီတွေ မရှိကြသေးဘူးဆိုတာ ကျွန်မတို့ သတိထားမိပါတယ်။ ဒါကြောင့် သူတို့ အလုပ်လုပ်နေချိန်မှာ ခံစားရယူနိုင်တဲ့ အာမခံ တစ်ခုကို အခုလို ထောက်ပံ့ပေးနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ခရီးသည်တွေ အနေနဲ့လည်း လာကြိုတဲ့ အချိန်ကနေစပြီး ကားပေါ်က ဆင်းတဲ့အချိန်အထိ ကျွန်မတို့ရဲ့ ပေါ်လစီနဲ့ ကာကွယ်ပေးထားတဲ့အတွက် Grab ခရီးစဉ် တစ်လျောက်လုံး စိတ်အေးချမ်းသာစွာ လိုက်ပါစီးနင်းနိုင်မှာပါ။ ဒါကြောင့် လမ်းပေါ်က ကြုံရာအငှားယာဉ်တစ်စီးကို လက်တားငှားတာထက် Grab နဲ့ ငှားရမ်းတာက ပိုပြီး စိတ်ချလုံခြုံမှု ရှိစေပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောခဲ့သည်။

Grab ၏ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံ ပေါ်လစီသည် မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များ အတွက် ယာဉ်မတော်တဆမှု ဖြစ်ပွားရာ၌ သေဆုံးခြင်း၊ ကိုယ်လက်အဂါၤ ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း တို့အတွက် နစ်နာကြေး ပြန်လည်ပေးအပ်မည် ဖြစ်ပါသည်။ အဆိုပါ အာမခံတွင် ယာဉ်မောင်း သို့မဟုတ် ခရီးသည် တစ်ဦးလျှင် စုစုပေါင်း တစ်ကိုယ်ရေထိခိုက်မှု အာမခံ နစ်နာကြေး အမေရိကန်ဒေါ်လာ (၅၀၀၀) အထိ ရရှိနိုင်ပြီး မြန်မာနိုင်ငံတွင်း ထိခိုက်ဒဏ်ရာရရှိမှုများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၀) သန်း အထိ ပေးသွင်းထားပါသည်။ နစ်နာကြေး ပမာဏကို ယာဉ်မတော်တဆမှု ဖြစ်စဉ်တစ်ခုချင်းစီအလိုက် မြန်မာ့ အာမခံလုပ်ငန်းမှ အခြေအနေ အရပ်ရပ်ကို အကဲဖြတ်ပြီး သတ်မှတ်ပေးမည် ဖြစ်ပါသည်။

Grab ခရီးစဉ်တစ်ခုအတွင်း ယာဉ်မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များကို Grab ၏ 24/7 hotline ဖုန်းနံပါတ်နှင့် နီးစပ်ရာရဲစခန်းသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြား  ပေးပါရန် အကြံပြုလိုပါသည်။ Grab က နစ်နာကြေး လျှောက်ထားသူများအတွက် အာမခံ နစ်နာကြေး  လျှောက်ထားသည့် လုပ်ငန်းစဉ်တွင် အောက်ပါအတိုင်း ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

  • လိုအပ်သည့် စာရွက်စာတမ်းများဖြစ်သော လျှောက်လွှာ၊ ဆေးမှတ်တမ်း၊ ဆေးရုံ/ဆေးပေးခန်းတွင် စုစုပေါင်း ကျသင့်ငွေ ပြေစာမူရင်း၊ ဆေးစစ်ချက် အဖြေများ (ရှိခဲ့ပါက)၊ ရဲစစ်ချက်/ ယာဉ်တိုက်မှုဖြစ်စဉ် စစ်ချက်နှင့် Grab အသုံးပြု၍ ငှားရမ်းသည့် အထောက်အထား စသည့်တို့ကို စုစည်းပေးမည် ဖြစ်သည်။
  • အဆိုပါ စာရွက်စာတမ်းများကို မြန်မာ့အာမခံ လုပ်ငန်းနှင့် Chubb တို့မှ စစ်ဆေးအတည်ပြုပြီး နစ်နာကြေး တောင်းခံနိုင်ရန် ပေးပို့ပေးမည် ဖြစ်ပါသည်။
  • နစ်နာကြေး ပမာဏ အတည်ပြုပြီးပါက အဆိုပါ ငွေကြေးပမာဏကို Grab Myanmar မှ နစ်နာသူသို့ ထုတ်ပေးသွားမည် ဖြစ်သည်။

“ကျွန်တော်တို့ အလုပ်လုပ်နေချိန်မှာ ဖြစ်ပွားနိုင်တဲ့ ယာဉ်မတော်တဆမှုတစ်ခုအတွက် ယာဉ်မောင်းတွေနဲ့ ခရီးသည်  တွေအတွက် Grab က အာမခံ ခံစားခွင့်ပေးထားပြီး ကျွန်တော်တို့ဘက်ကို ပြန်ကြည့်ပေးတဲ့အတွက် တကယ့်ကို ဝမ်းသာပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့ ယာဉ်မောင်းအများစုဟာ ဥပဒေနဲ့အညီ မော်တော်ယာဉ်အတွက် အလုံးစုံ  မော်တော်ယာဉ် အာမခံလျှောက်ထားဖို့ စဉ်းစားကြပေမယ့် ကိုယ်ကိုယ်တိုင်အတွက် တစ်ကိုယ်ရေထိခိုက်မှု အာမခံတစ်ခုရှိထားဖို့ အရေးကြီးတယ်ဆိုတာ မတွေးမိကြပါဘူး။ အခုဆိုရင် ကျွန်တော့်လို Grab မိတ်ဖက်ယာဉ်မောင်းတွေဟာ ဘေးကင်းလုံခြုံရေးအပိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ အလုပ်လုပ်နိုင်မှာပါ” ဟု Grab မိတ်ဖက်ယာဉ်မောင်းအဖြစ် တစ်နှစ်နီးပါး လုပ်ကိုင်လာသူ ကိုထွန်းအေးကျော်က ပြောသည်။

“နိုင်ငံခြားခရီးစဉ်တွေအတွက် ခရီးသွားအာမခံရှိတာကို ကြားဖူးပေမယ့် နေ့တိုင်းသွားလာနေရတဲ့ အငှားယာဉ် ခရီးစဉ်တွေအတွက် ဒီလို လုပ်ပေးထားတယ်ဆိုတာ မကြားဖူးတော့ အခုလို Grab က ခရီးသည်တွေအတွက် အာမခံ ထားပေးတယ်ဆိုတာ သိရတဲ့အခါ တော်တော်လေး အံ့သြပျော်ရွှင်သွားပါတယ်။ ဒီအစီအစဉ်က မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် လုံးဝ အသစ်ဖြစ်ပြီးတော့ ယာဉ်မတော်တဆမှုဖြစ်လို့ ဆေးရုံ တက်ရ၊ ဆေးကုရတဲ့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ ကုန်ကျစရိတ်တွေကို အတော်အသင့် အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်ဟာ ကျွန်မ Grab နဲ့ သွားချင်ရတဲ့ အကြောင်းပြချက်ကောင်းတွေထဲက တစ်ခု ဖြစ်ပါတယ်” ဟု နေ့စဉ် Grab ကို အသုံးပြုပြီး လုပ်ငန်းခွင်သို့ သွားရောက်လေ့ရှိသည့် ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ မသက်ထားဆွေက ပြောသည်။

Grab သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အာမခံလုပ်ငန်းဖြစ်သော ကမ္ဘာ့အကြီးဆုံး အများပိုင် ကုန်သွယ်ပစ္စည်း များနှင့် ထိခိုက်ဆုံးရှုံးမှု အာမခံကုမ္ပဏီ Chubb ၏ နိုင်ငံတကာ အာမခံပေါ်လစီဆိုင်ရာ ကျွမ်းကျင်မှုများကို မြန်မာ့ထိပ်တန်း အာမခံလုပ်ငန်းနှင့် ပူးပေါင်း၍ လွှဲပြောင်းမှုများ ပြုလုပ်လျက်ရှိသည့်အတွက်  Grab နှင့် မြန်မာ့အာမခံ လုပ်ငန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ပြည်တွင်း အာမခံလုပ်ငန်းနယ်ပယ်တွင် ပထမဦးဆုံး ပူးပေါင်းဆောင်ရွက်မှု အမျိုးအစားတစ်ခုဖြစ်ပြီး ထင်ရှားသည့် အောင်မြင်မှုမှတ်တိုင် တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ အဆိုပါ ပူးပေါင်း  ဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာ့အာမခံလုပ်ငန်းသည် ၎င်းတို့၏ နည်းပညာ၊ ကျွမ်းကျင်မှု နှင့် ပြည်တွင်းအာမခံ လုပ်ငန်းနယ်ပယ် တိုးတက်လာရေးအတွက် ပါဝင်ဆောင်ရွက်နိုင်မှုများ ပိုမို လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် နိုင်ငံခြား အာမခံကုမ္ပဏီ (၅) ခုအား အသက်အာမခံ ပေါ်လစီများ ပေးအပ်ရန် အပြည့်အဝ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုလိုက်သည့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်း နယ်ပယ် အတွင်းရှိ ဖြေလျော့မှုကို ပေါ်လွင်စေရန် ထင်ဟပ်ပြသလိုက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အာမခံထားရှိခြင်း ပေါ်လစီများနှင့် ပတ်သက်၍ သတိပြုမှု အားနည်းနေခြင်းသည် အာမခံလုပ်ငန်း နယ်ပယ် တိုးတက်ပြန့်ပွားလာစေရေးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အာမခံ လုပ်ငန်းကဏ္ဍမှာ နိုင်ငံ့ GDP ဝေစု၏ (ဝ.၀၇) ရာခိုင်နှုန်းသာ ရှိနေပြီး အာမခံလုပ်ငန်း သိပ်သည်းဆမှာ အမေရိကန်ဒေါ်လာ (၁) ဒေါ်လာ နီးပါးသာရှိသောကြောင့် နိုင်ငံအတွင်း အာမခံလုပ်ငန်း ပြန့်နှံ့ထိုးဖောက်နိုင်မှုမှာ အလွန် အားနည်းလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ လမ်းမများထက်တွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုနှုန်းများ မြင့်တက်နိုင်ခြေရှိနေချိန်တွင် လူဦးရေ (၁,၀၀၀) ဦးတွင်  (၈၆) ဦးသာ အာမခံထားကြကြောင်းတွေ့ရှိရသည်။

Grab Myanmar နှင့် တစ်ကိုယ်ရေထိခိုက်မှုအာမခံအကြောင်းကို www.grab.com/mm/better-everyday ၊ www.grab.com နှင့်https://www.grab.com/mm/blog/safetyguidelines/

 သို့မဟုတ် www.facebook.com/GrabMM တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှု နိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter