Press Centre

Grab က မိတ်ဖက်ယာဉ်မောင်းများအတွက် “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ် စတင်မိတ်ဆက်

မြန်မာနိုင်ငံရှိ Grab မိတ်ဖက်ယာဉ်မောင်းများသည် မိုဘိုင်းအက်ပလီကေးရှင်းအတွင်းရှိ ဝင်ငွေများ ပြန်လည် ထုတ်ယူရာတွင် ပုံမှန် ကြာမြင့်ချိန် တစ်ရက်အထိ စောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ မိမိတို့ ဘဏ်အကောင့်များသို့ ချက်ချင်း လွဲှပြောင်းနိုင်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ Grab မိတ်ဖက်ယာဉ်မောင်းများသည် မိုဘိုင်းအက်ပလီကေးရှင်းအတွင်းရှိ ဝင်ငွေများ ပြန်လည် ထုတ်ယူရာတွင် ပုံမှန် ကြာမြင့်ချိန် တစ်ရက်အထိ စောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ မိမိတို့ ဘဏ်အကောင့်များသို့ ချက်ချင်း လွဲှပြောင်းနိုင်ပြီ ဖြစ်သည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့ – အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က မိတ်ဖက်ယာဉ်မောင်းများ၏ လူမှုဘဝဖူလုံရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်း အသုံးပြုနိုင်ရေးနှင့် နည်းပညာအရ ပူးပေါင်းအဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရေးတို့ကို ပံ့ပိုးလုပ်ဆောင်ပေးရန် ရေရှည်ကတိကဝတ် ထားရှိခဲ့သည့်အတိုင်း ပြည်တွင်းရှိ မိတ်ဖက်ယာဉ်မောင်းများ အားလုံးအတွက် “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ်တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်ဖြင့် မိတ်ဖက်ယာဉ်မောင်းများသည် Grab Driver အက်ပလီကေးရှင်း အတွင်းရှိ Grab Driver Wallet မှတစ်ဆင့် မိမိတို့၏ CB ဘဏ်အကောင့်များသို့ ချက်ချင်း လွှဲပြောင်းနိုင်ပြီဖြစ်ပြီး ငွေသားအဖြစ် ပြန်လည်ထုတ်ယူရာတွင် ပုံမှန် ကြာမြင့်ချိန် တစ်ရက်အထိ စောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ မည်သည့် နီးစပ်ရာ ATM စက်များတွင်မဆို ထုတ်ယူနိုင်ပြီ ဖြစ်သည်။

Grab က ပြုလုပ်ခဲ့သည့် စစ်တမ်းများနှင့် လစဉ် ကျင်းပသည့် ယာဉ်မောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများအရ အက်ပလီကေးရှင်းအတွင်းရှိ တစ်နေ့တာ ဝင်ငွေများကို ချက်ချင်း ပြန်လည်ထုတ်ယူအသုံးပြုလိုသည့် တောင်းဆိုချက်သည် အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။  မိတ်ဖက်ယာဉ်မောင်းများ၏ နေ့စဉ် လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေး ဖန်တီးပေးနိုင်ရန် ရည်မှန်းချက်နှင့်အညီ Grab က ၎င်း၏ မိတ်ဖက်ဘဏ်လုပ်ငန်းဖြစ်သည့် CB ဘဏ်နှင့် မိတ်ဖက်နည်းပညာ ကုမ္ပဏီဖြစ်သည့် TransferTo တို့နှင့်ပူးပေါင်းကာ “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် စမ်းသပ်အသုံးပြုနိုင်ရေးအတွက် အလေးပေး ဆောင်ရွက်ခဲ့ပါသည်။ Grab မိတ်ဖက် ယာဉ်မောင်းများအားလုံးသည် အက်ပလီကေးရှင်းအတွင်းရှိ ဝင်ငွေများကို ထုတ်ယူရန် CB ဘဏ် အကောင့်တစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်သည့်အလိုအလျောက် “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက် အသစ်ကို Grab မိတ်ဖက်ယာဉ်မောင်းများ အားလုံး ယနေ့မှစ၍ အသုံးပြုခွင့် ရရှိကြပြီ ဖြစ်သည်။

Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က “မြန်မာနိုင်ငံက ကျွန်မတို့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် Grab ဟာ အကောင်းဆုံး မိတ်ဖက်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်အောင် အဆက်မပြတ် ကြိုးစားနေပါတယ်။ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ အကြံပြုချက်တွေကို အမြဲ နားထောင်ပြီး လိုအပ်တာတွေကို အမြဲ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အခုဆိုရင် သူတို့ရဲ့စမတ်ဖုန်းထဲမှာ အဆင့်အနည်းငယ် နှိပ်လိုက်ရုံ နဲ့ “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ်ကို သုံးနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဖုန်းထဲက ဝင်ငွေတွေကို အချိန်မရွေး အလွယ်တကူ ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။ ဒီလို လုပ်ပေးလိုက်တဲ့အတွက် မိတ်ဖက်ယာဉ်မောင်းတွေ အတွက် ပိုကောင်းတဲ့ လူနေမှုဘဝကို ရစေမှာဖြစ်တဲ့အပြင် တစ်နေ့တာ ကြိုးစားအလုပ်လုပ်ပြီးတဲ့နောက် ကိုယ်ရတဲ့ဝင်ငွေကို ချက်ချင်းထုတ်နိုင်တဲ့အတွက် အမောပြေစေမှာပါ။ အခု လုပ်ဆောင်ချက်က အရင် ဘဏ်ကနေ တစ်ရက်အချိန်ယူပြီး ငွေထုတ်ပေးတဲ့ လုပ်ငန်းစဉ်နေရာမှာ အစားထိုး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒါဟာ ကျွန်မတို့ရဲ့ လုပ်ငန်းလည်ပတ်မှုမှာ တီထွင်ဆန်းသစ်ထားတဲ့ နည်းပညာကို ပေါင်းစည်းထည့်သွင်းပေးဖို့ ကြိုးပမ်းချက်တွေထဲက နောက်ထပ် ဥပမာတစ်ခု ဖြစ်ပါတယ်”ဟု ပြောသည်။

ခရီးသည်များအကြား ငွေသားမသုံးဘဲ ခရက်ဒစ်ကတ်၊ ဒက်ဘစ်ကတ်များဖြင့် ငွေပေးချေသည့်စနစ် ပိုမို တွင်ကျယ်လာသည်နှင့်အညီ ယခု မိတ်ဆက်လိုက်သည့် လုပ်ဆောင်ချက်အသစ်သည် မိတ်ဖက်ယာဉ်မောင်း များအတွက် ငွေသားအဖြစ် ထုတ်ယူရာတွင် စောင့်ဆိုင်းရမည့်အချိန်ကြောင့် ပူပန်ရန်မလိုသဖြင့် ငွေသား အစားထိုး ငွေပေးချေမှုစနစ် အသုံးပြုမှုအား အရှိန်မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

“ကျွန်မတို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေအနေနဲ့ ငွေသားအသုံးပြုဖို့မလိုတဲ့ ငွေပေးချေစနစ်ကို လက်ခံကျင့်သုံး လာအောင် တိုက်တွန်းအားပေးချင်ပါတယ်။ ဒါမှ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ထဲ အလွယ်တကူ ဝင်ရောက်လာနိုင် ကြမှာ ဖြစ်ပါတယ်။ ငွေသားမဲ့ ပေးချေတဲ့စနစ်ကနေ ငွေလက်ခံပြီးတိုင်း မိတ်ဖက်ယာဉ်မောင်းတွေဟာ ဝင်လာတဲ့  ငွေကို Grab Driver Wallet မှာ စစ်ကြည့်နိုင်ပါတယ်။ အဲ့ဒီ ဝင်ငွေတွေကို ငွေသားအဖြစ် အချိန်မရွေး ပြန်ပြီး ထုတ်ယူဖို့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ ဘဏ်အကောင့်ထဲကို လွှဲပြောင်းနိုင်ပါတယ်” ဟု Cindy က ထပ်မံ ပြောကြားသည်။

“ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက် အသုံးပြုပုံ

Grab အသုံးပြု၍ ရရှိထားသော အောက်ပါ ဝင်ငွေအမျိုးမျိုးတို့ကို မိတ်ဖက်ယာဉ်မောင်း၏ Grab Driver Wallet အတွင်း ပြန်လည် လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။  

  • ခရက်ဒစ်ကတ်၊ ဒက်ဘစ်ကတ်များဖြင့် ချိတ်ဆက်ထားသော GrabPay အသုံးပြု၍ ငွေပေးချေထားသည့် ဝင်ငွေများ
  • စီးပွားရေးလုပ်ငန်းများအတွက် စီစဉ်ပေးထားသော Grab for Business အသုံးပြုသည့် ခရီးသည်များ၏ GrabPay ဖြင့် ငွေပေးချေထားသည့် ဝင်ငွေများ
  • ခရီးသည်များမှ ပရိုမိုကုဒ်လျှော့ဈေး အသုံးပြုပြီး သွားလာခဲ့သည့် ခရီးစဉ်များအတွက် Grab မှ ပြန်လည်  ပေးအပ်ငွေ
  • Grab က မိတ်ဖက်ယာဉ်မောင်းများအတွက် အပတ်စဉ် ပေးအပ်လျက်ရှိသည့် ခရီး စဉ် အကြောင်းရေအလိုက် ဆုကြေးနှင့် အပိုဆုကြေးများ

“ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်ကို ရယူအသုံးပြုနိုင်ရန် မိတ်ဖက်ယာဉ်မောင်းများ အနေဖြင့် Grab Driver အက်ပလီကေးရှင်း နောက်ဆုံးဗားရှင်း၊ ပုံမှန် အသုံးပြုနေသော Grab Driver အကောင့်တစ်ခုနှင့် Grab Driver Wallet အတွင်း အနည်းဆုံး ရှိထားရမည့် ငွေပမာဏတို့ လိုအပ်မည် ဖြစ်ပါသည်။ မိတ်ဖက် ယာဉ်မောင်း တစ်ဦးသည် အနည်းဆုံး ငွေကျပ် (၅၀၀) မှ အများဆုံး ငွေကျပ် (၅၀,၀၀၀) အထိ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ အပါအဝင် မည်သည့်ရက်၊ မည်သည့်အချိန်တွင်မဆို (၂၄) နာရီလျှင် တစ်ကြိမ် “ချက်ချင်း လွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

“ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက် အသုံးပြုပုံ အဆင့်ဆင့်မှာ –

၁) Grab Driver အက်ပလီကေးရှင်းအတွင်းမှ ‘Cash Wallet’ နေရာကို နှိပ်ပါ။

၂) ‘Transfer to Account’ ကို ရွေးပါ။

၃) မိမိ လွှဲလိုသည့် ငွေပမာဏ အများဆုံး ငွေကျပ် (၅၀,၀၀၀) အထိ ရိုက်ထည့်ပြီး ‘Next’ ကို နှိပ်ပါ။

၄) မိမိ ရိုက်ထည့်လိုက်သည့် ငွေပမာဏ မှန်ကန်ကြောင်း အတည်ပြုပြီး ‘Transfer Now’ ကို နှိပ်ပါ။

အထက်ပါအတိုင်း “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက် ပြုလုပ်ပြီးသည့်နောက် ငွေထုတ်ယူနိုင်မည့် လုပ်ငန်းစဉ်ကို အက်ပလီကေးရှင်းအတွင်း ထည့်သွင်းပေါင်းစည်းထားသည့်စနစ် API Integration မှတစ်ဆင့် CB Bank မှ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ CB Bank သည် လွှဲပြောင်းလိုသည့် ငွေပမာဏကို Grab Driver Wallet မှ နှုတ်ယူပြီး မိတ်ဖက်ယာဉ်မောင်း၏ ဘဏ်အကောင့်အတွင်း စက္ကန့်မခြား ထည့်သွင်းပေး မည် ဖြစ်ပါသည်။

 

“ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်ကို အမှားအယွင်းမရှိ ပြုလုပ်နိုင်ရန် စမ်းသပ်အသုံးပြုရာတွင် အရှေ့တောင်အာရှဒေသတစ်လွှားရှိ Grab အင်ဂျင်နီယာအဖွဲ့၏ အကူအညီဖြင့် မိတ်ဖက်ယာဉ်မောင်း (၁၀) ဦးမှ စတင်ပြီး ထောင်ပေါင်းများစွာသော မိတ်ဖက်ယာဉ်မောင်းများဖြင့် အဆင့်ဆင့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါ သည်။ Grab အနေဖြင့် မိတ်ဖက်ယာဉ်မောင်းများ စက်သုံးဆီ ဝယ်ယူရာတွင် သို့မဟုတ် ကားပြုပြင်ရာတွင်  ငွေသားအစား Grab Driver Wallet ကို အသုံးပြုနိုင်မည့် လုပ်ဆောင်ချက်အသစ်များကို Grab Driver app တွင် ထည့်သွင်းပြီး နည်းပညာအဆင့်မြှင့်တင်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

“အခု “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်တစ်ခု စီစဉ်ပေးလိုက်တာ အရမ်းကို အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့လုံး ရှာထားတဲ့ဝင်ငွေကို မိသားစုကို ပြန်ပေးဖို့၊ နောက် အုံနာကြေး စတာတွေ ပေးဖို့ ငွေသားအနေနဲ့ ထုတ်သွားချင်တယ်လေ။ အခုတော့ ရုတ်တရက် အသုံးလိုတာမျိုးပေါ်လာရင် ကိစ္စမရှိတော့ဘူး။  ကားဆီဖြည့်ဖို့၊ ကားပြင်ဖို့ အရေးပေါ်ကိစ္စတွေ ဖြစ်လာပြီဆိုရင် အချိန်မရွေး ကိုယ့်ဝင်ငွေတွေ ပြန်ထုတ်လို့ရတယ်ဆိုတာ သိထားတော့ စိတ်ချလက်ချ ကားမောင်းနိုင်တာပေါ့။ ကျွန်တော်အပါအဝင် သူငယ်ချင်းယာဉ်မောင်းတွေလည်း GrabPay က ရတဲ့ ဝင်ငွေတွေကို ထုတ်ဖို့စောင့်ရတဲ့အချိန်အတွက် စိတ်ပူစရာ မလိုတော့ဘူး။ တစ်ခုခု လိုအပ်ရင် ကိုယ့်ဝင်ငွေတွေကို ဘဏ်အကောင့်ထဲ လွှဲလိုက်ပြီး mobile banking ကနေတစ်ဆင့် ကိုယ်ပေးစရာရှိတာတွေ  ပေးလို့ရသေးတယ်လေ” ဟု Grab မိတ်ဖက်ယာဉ်မောင်းတစ်ဦးအဖြစ် နှစ်နှစ်ကျော် လုပ်ကိုင်ခဲ့သော ကိုဇော်ထူးက ပြောသည်။

Grab ၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ

Grab ပလက်ဖောင်းသည် နည်းပညာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပေးအပ်ရန်သာမက လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံအဝန်း တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ပြောင်းလဲတိုးတက်စေမည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ထားသောကြောင့် ဝန်ဆောင်မှုများစွာ ရယူအသုံးပြုနိုင်ပြီး အချင်းချင်း ချိတ်ဆက်နိုင်မည့် ပလက်ဖောင်းတစ်ခုဟု ဆိုနိုင်ပါသည်။

လက်ရှိတွင် Grab သည် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များတွင် လုပ်ငန်းလည်ပတ်  ဆောင်ရွက်လျက်ရှိပြီး ထောင်ပေါင်းများစွာသော ၎င်း၏ မိတ်ဖက်ယာဉ်မောင်းများအတွက် လူနေမှုဘဝ ပိုမို တိုးတက်ကောင်းမွန်လာစေရန် အခွင့်အလမ်းများ ဖန်တီးပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံကို ပိုမို တိုးတက်ဖွံ့ဖြိုး လာစေမည့် အထောက်အပံ့များ ပေးအပ်နိုင်ရန် နည်းပညာ စွမ်းရည်များကို အသုံးချသွားမည်ဖြစ်ပြီး လာမည့် နှစ်များတွင် သန်းပေါင်းများစွာသော ပြည်သူများအနေဖြင့် ဒေသတွင်း ဒစ်ဂျစ်တယ် စီးပွားရေးစနစ်၌ Grab ၏ ပါဝင်ဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။

Grab Myanmar အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက www.grab.com နှင့် www.facebook.com/GrabMM  တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter