Press Centre

Grab မှ အရှေ့တောင်အာရှ၏ ပထမဦးဆုံး နေ့စဉ်သုံး Superapp တစ်ခု ဖန်တီးနိုင်မည့် open platform နည်းဗျုဟာကို စတင်မိတ်ဆက်

GrabPlatform ဆိုသည်မှာ မိတ်ဖက်လုပ်ငန်းများက ၎င်းတို့၏ ဝန်ဆောင်မှုများကို Grab တွင် ထည့်သွင်း ပေါင်းစပ်ချိတ်ဆက်ပေးနိုင်သော API များ စုစည်းထားသည့် ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ Grab အနေဖြင့် Grab အက်ပလီကေးရှင်းအတွင်း  နေ့စဉ်သုံး ဝန်ဆောင်မှုများ ထပ်မံ ထည့်သွင်းပေးမည်ဖြစ်ပါသည်။ လိုအပ်သလို နေ့စဉ် အသုံးပြုနိုင်သော ဝန်ဆောင်မှုတစ်ခု  ဖြစ်သည့် ကုန်စုံဆိုင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှု GrabFresh ကို ယခုလအတွင်း စတင် စမ်းသပ်လုပ်ကိုင်သွားမည် ဖြစ်သည်။ Grab မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် ပုံစံအသစ်ကြောင့် Grab သည် နေ့စဉ်သုံး Superapp အဖြစ် အသက်ဝင်လာတော့မည် ဖြစ်သည်။ မိမိလိုအပ်သည့်အချိန်တွင် […]

Group CEO & Co-Founder Anthony Tan at the launch of GrabPlatform

  • GrabPlatform ဆိုသည်မှာ မိတ်ဖက်လုပ်ငန်းများက ၎င်းတို့၏ ဝန်ဆောင်မှုများကို Grab တွင် ထည့်သွင်း ပေါင်းစပ်ချိတ်ဆက်ပေးနိုင်သော API များ စုစည်းထားသည့် ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။
  • Grab အနေဖြင့် Grab အက်ပလီကေးရှင်းအတွင်း  နေ့စဉ်သုံး ဝန်ဆောင်မှုများ ထပ်မံ ထည့်သွင်းပေးမည်ဖြစ်ပါသည်။ လိုအပ်သလို နေ့စဉ် အသုံးပြုနိုင်သော ဝန်ဆောင်မှုတစ်ခု  ဖြစ်သည့် ကုန်စုံဆိုင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှု GrabFresh ကို ယခုလအတွင်း စတင် စမ်းသပ်လုပ်ကိုင်သွားမည် ဖြစ်သည်။
  • Grab မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် ပုံစံအသစ်ကြောင့် Grab သည် နေ့စဉ်သုံး Superapp အဖြစ် အသက်ဝင်လာတော့မည် ဖြစ်သည်။ မိမိလိုအပ်သည့်အချိန်တွင် လိုအပ်သည့်ဝန်ဆောင်မှုနှင့် သတင်းအချက်အလက်များကို အတိအကျ ရယူနိုင်တော့မည် ဖြစ်သည်။

စင်ကာပူ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ၊ ၁၀ ရက် – Grab က အရှေ့တောင်အာရှတွင် ပထမဦးဆုံး  နေ့စဉ်သုံး superapp ကို ဖန်တီးနိုင်ရန်အတွက် ၎င်း၏ open platform နည်းဗျုဟာမှ အစိတ်အပိုင်းတစ်ခု ဖြစ်သော GrabPlatform အား ယနေ့ စတင်မိတ်ဆက်ခဲ့ပါသည်။ GrabPlatform ပေါ်တွင် ဝန်ဆောင်မှုများ ချိတ်ဆက်လုပ်ဆောင်နိုင်မည့် မိတ်ဖက်လုပ်ငန်းများနှင့် တွဲဖက်လျက် Grab သည် ၎င်း၏ အက်ပလီကေးရှင်းတွင် လူသုံးအများဆုံး နေ့စဉ်သုံးဝန်ဆောင်မှုများကို ထပ်မံထည့်သွင်းပေးသွားမည်ဖြစ် သည်။  Grab အသုံးပြုသူ အင်အားနှင့်  GrabPlatform မှတစ်ဆင့် လုပ်ဆောင်နေသည့် အရှေ့တောင် အာရှ၏ အကြီးမားဆုံးသော ပို့ဆောင်ဖြန့်ဖြူးမှု လမ်းကြောင်းများစွာအားဖြင့် မိတ်ဖက်လုပ်ငန်းများသည် အရှေ့တောင်အာရှ နိုင်ငံများတွင် လုပ်ငန်းကို ပိုမို ထိရောက်စွာ တိုးချဲ့လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ GrabPlatform သည် မိတ်ဖက်လုပ်ငန်းများအား ပို့ဆောင်ထောက်ပံ့ရေးနှင့် ငွေပေးချေမှု ကဲ့သို့သော Grab ၏ နည်းပညာအစိတ်အပိုင်းများကို ချိတ်ဆက်အသုံးပြုနိုင်သော API များစုစည်းထားသည့် ပလက်ဖောင်း တစ်ခုဖြစ်သည်။

“GrabPlatform ဟာ အသုံးပြုသူအားလုံးအတွက် စီးပွားရေးဆိုင်ရာ တန်ဖိုးကို မြင့်တက်စေမှာပါ။ ကျွန်တော်တို့ကိုယ်တိုင်အတွက် ကျွန်တော်တို့ ဖန်တီးလုပ်ဆောင်နိုင်တာထက်တောင် အများကြီးပိုပါတယ် “ ဟု Grab ၏ Group CEO နှင့် တွဲဖက်တည်ထောင်သူ Anthony Tan က ပြောခဲ့သည်။

သိပ်မကြာသေးခင်ကမှ စတင်ခဲ့သည့်  နေ့စဉ် အချိန်မရွေး အသုံးပြုနိုင်မည့် ဝန်ဆောင်မှုဖြစ်သည့် ကုန်စုံဆိုင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှု GrabFresh ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ အဆိုပါ ဝန်ဆောင်မှုကို Grab app အတွင်း အသုံးပြုနိုင်ရန် အရှေ့တောင်အာရှ၏ နံပါတ် ၁ ကုန်စုံဆိုင်ပစ္စည်း ပို့ဆောင်ရေး ကုမ္ပဏီဖြစ်သော HappyFresh က ပထမဦးဆုံး GrabPlatform မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုလမှစပြီး Grab သည် အရှေ့တောင်အာရှဒေသတွင်း အိမ်ထောင်စု စရိတ် အသုံးပြုမှု အများဆုံး အုပ်စုအဖြစ် ချဲ့ထွင်ပြီး ဒေသတွင်း နေ့စဉ်သုံး Superapp ဖြစ်လာရန်  ရှေ့သို့ တိုးတက်လုပ်ဆောင်နေသည်။

Grab ၏ ရည်မှန်းချက်မှာ နေ့စဉ်သုံး superapp သည်  ပြန်လည်ဆန်းသစ်ထားသော Grab app အနေဖြင့်  အသက်ဝင်လာစေရန် ဖြစ်ပါသည်။ အသုံးပြုသူများသည် Grab ၏ ဝန်ဆောင်မှု ပုံစံအသစ်တစ်ခုကို  တွေ့မြင်ကြရမည်ဖြစ်ပြီး Grab app ကတစ်ဆင့် မိမိလိုအပ်သည့်အချိန် အတိအကျတွင် မိမိ လိုအပ်သည့် ဝန်ဆောင်မှုများသာ မကဘဲ သတင်းအချက်အလက်များကိုပါ ပေးစွမ်းနိုင်တော့မည် ဖြစ်သည်။ Grab app ၏ ပင်မစာမျက်နှာ အသစ်မှာ တစ်ချက်နှိပ်ရုံဖြင့် ငွေပေးချေရန်နှင့် နေ့စဉ်သုံး ဝန်ဆောင်မှုများကို အားလုံးကို အလွယ်တကူ ရှာဖွေနိုင်ရန် ပြုလုပ်ထားပါသည်။ ထို့အပြင် အသုံးပြုသူများအတွက် မြို့တွင်းရှိ နေရာများနှင့် စပ်လျဉ်း၍သုံးသပ်ချက်များနှင့် ရာသီချိန်အလိုက် သတင်းများဖြစ်သည့် အစ္စလာမ် ဥပုသ်လအတွင်း မိမိနှင့် အနီးဆုံးဗလီ ရှိရာတည်နေရာ (သို့မဟုတ်) ကမ္ဘာ့ဖလားပွဲ နောက်ဆုံးရ  ဘောလုံးသတင်း စသော သတင်းပုံစံများအထိ ပြသပေးမည့် news feed တစ်ခုကိုပါ ဖြည့်စွက်ထည့်သွင်းထားပါသည်။

GrabPlatform ကို မိတ်ဆက်ခြင်းသည် Grab အတွက် နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်သည်။

  • Grab သည် ဇူလိုင် ၇ ရက်၊ ၂၀၁၈ တွင် ခရီးစဉ်ကြောင်းရေ  ၂ ဘီလီယံကို ဖြတ်ကျော်နိုင်ခဲ့သည်။ ခရီးစဉ်ကြောင်းရေ ၁ ဘီလီယံ သို့ ရောက်ရှိရန် ၅ နှစ်နှင့် ၄ လ ကြာမြင့်ခဲ့သော်လည်း၊ ၉ လအတွင်းတွင် နောက်ထပ် ၁ ဘီလီယံပြည့်မီခဲ့သည်။
  • Grab သည် ၂၀၁၈ ခုနှစ်အကုန်တွင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိ ရရှိနိုင်မည့် ပထမဦးဆုံး အရှေ့တောင်အာရှ ကုမ္ပဏီတစ်ခု ဖြစ်သည်။
  • လွန်ခဲ့သည့် ၁၂ လအတွင်း အခြေခံလုပ်ငန်းငွေလည်ပတ်မှုပမာဏ GMV မှာ နှစ်ဆကျော်အထိ တိုးတက်လာခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အရှိန်အဟုန်ဖြင့် ကြီးထွားနေဆဲဖြစ်သည်။
  • ဝန်ဆောင်မှုလုပ်ငန်း အသစ်များမှာလည်း မြန်ဆန်စွာ တိုးတက်လျက် ရှိပါသည်။ GrabFood ဝန်ဆောင်မှုကို ဒုတိယ သုံးလပတ် အချိန်အတွင်း နိုင်ငံပေါင်း နှစ်နိုင်ငံမှ ခြောက်နိုင်ငံအထိ တိုးချဲ့နိုင်ခဲ့ပြီး လွန်ခဲ့သည့် ၁၂ လအတွင်း စုစုပေါင်း အခြေခံဝယ်ယူမှုပမာဏ GMV မှာ ၉ ဆအထိ မြင့်တက်သွားခဲ့သည်။
  • ငါးလတာ ကာလအတွင်း (၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ) Grab အသုံးပြု၍ ငွေပေးချေမှု ပမာဏ စုစုပေါင်းမှာ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။ ယခုအချိန်တွင် Grab သည် အရှေ့တောင်အာရှ၏ ထိပ်တန်း မိုဘိုင်းငွေပေးချေမှု ပလက်ဖောင်းအဖြစ် ရပ်တည်နေပြီ  ဖြစ်ပါသည်။

 Anthony Tan က “လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန်တော်တို့ရဲ့ နည်းပညာ ပိုပြီး တိုးတက်  ကောင်းမွန်လာဖို့နဲ့ ဝန်ဆောင်မှုတွေ တိုးချဲ့ပေးနိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု အရည်အသွေးတွေဟာ Grab ရဲ့ ကိုယ်ပိုင် ဝန်ဆောင်မှုတွေကနေ ကောင်းကောင်းကြီး အစမ်းသပ်ခံထားပြီး  ဖြစ်နေပါပြီ။ အခုအချိန်ကတော့ မိတ်ဖက်လုပ်ငန်းစုတွေအတွက် ကျွန်တော်တို့ တကယ် ကောင်းကောင်း လုပ်ပေးနိုင်တဲ့ အရာတွေကို ပြသဖို့နဲ့ နောက်ဆုံးမှာ အရှေ့တောင်အာရှရဲ့ ပိုပြီး များပြားတဲ့ လူ့အဖွဲ့အစည်းထံကို ကျွန်တော်တို့ ပလက်ဖောင်း ရောက်ရှိနိုင်ဖို့ အချိန်ပါပဲ။ အခုဆိုရင် Grab app ကို ထည့်သွင်းထားတဲ့ မိုဘိုင်းဖုန်းပေါင်း သန်း ၁၀၀ ကျော်၊ ယာဉ်မောင်းဦးရေ ၇.၁ သန်း ပါဝင်တဲ့ ကွန်ယက်တစ်ခု၊ ပစ္စည်းပို့ဆောင်ရေး မိတ်ဖက်လုပ်ငန်းတွေ၊ ဈေးရောင်းချသူတွေနဲ့ ဖြန့်ဖြူးပေးတဲ့  အေးဂျင့်တွေ၊ ယုံကြည် စိတ်ချရတဲ့ ငွေပေးချေမှုစနစ်နဲ့ နည်းပညာ အထောက်အပံ့ကောင်းတွေ ရှိနေပြီဖြစ်တာကြောင့် စီးပွားရေး လုပ်ငန်းတွေနဲ့ လုပ်ငန်းငယ်လေးတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဘယ်သူ့ထက်မဆို ပိုမိုကောင်းမွန်တဲ့  နေရာတစ်ခု အခိုင်အမာ ရရှိခဲ့ပါပြီ” ဟု ပြောကြားခဲ့သည်။

From left to right_Guillem Segarra, Anthony Tan, Jerald Singh, and GrabFresh delivery partners and shoppers

GrabFresh ဖြင့် ကုန်စုံဆိုင်ပစ္စည်းများကို တစ်နာရီအတွင်း အရောက်ပို့ဆောင်ပေးနိုင်သည့် ဝန်ဆောင်မှု

Grab အား အလုပ်နှင့် ကျောင်းသို့ သွားလာရာတွင်၊ နေ့လယ်စာ မှာယူရာတွင်၊ ပစ္စည်းပို့ဆောင်ရာတွင် နှင့် ဈေးဝယ်ထွက်ချိန် ငွေပေးချေရာတွင် အသုံးပြုနေကြပြီ ဖြစ်သည်။ ယခုအခါ မိသားစုအတွက် လိုအပ်သည့် ကုန်စုံပစ္စည်းများကို GrabFresh ဖြင့် ဝယ်ယူနိုင်ပြီး ငွေချေသည့်နေရာတွင် အချိန်ကြာမြင့်စွာ  စောင့်ဆိုင်းနေရန် မလိုအပ်တော့ပေ။

HappyFresh နှင့် ပူးပေါင်းလုပ်ကိုင်လိုက်ခြင်းဖြင့် Grab အသုံးပြုသူများသည် လိုအပ်သည့် ကုန်စုံပစ္စည်းများကို မိမိ အိမ်ကပင် သက်သောင့်သက်သာ ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ လတ်လတ်ဆတ်ဆတ် ထုတ်လုပ်ထားသော ပစ္စည်းများနှင့် အေးခဲထားသော ပစ္စည်းများမှာ ပုံမှန် ဝယ်ယူလေ့ရှိသော အမျိုးအစားများ ဖြစ်သောကြောင့် အဆိုပါ ကုန်ပစ္စည်းများကို GrabExpress ယာဉ်မောင်းများနှင့် ပစ္စည်းပို့ဆောင်ရေး မိတ်ဖက်လုပ်ငန်းများမှ အိမ်ရှေ့အရောက် တစ်နာရီအတွင်း သို့မဟုတ် ကြိုတင်သတ်မှတ်ထားသည့် အချိန်နှင့် အဆင်ပြေသည့် အချိန်အတွင်း ပို့ဆောင်ပေးနိုင်ပါသည်။

HappyFresh ၏ အားဖြည့်မှုဖြင့် GrabFresh တွင် ရရှိနိုင်သော အဆင့်မြင့် ဝန်ဆောင်မှုများမှာ-

  • စူပါမားကတ် ဆိုင်ခွဲကြီးများနှင့် ကုန်စုံဆိုင်ခွဲပေါင်း ၅၀ ကျော်မှ ကုန်ပစ္စည်း အမျိုးအစားပေါင်း ၁၀၀,၀၀၀ ကျော်ကို ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။
  • ကုန်ပစ္စည်းများကို မည်သို့ ရွေးချယ် ဝယ်ယူသင့်ကြောင်း လေ့ကျင့် သင်ကြားပေးထားသော ကျွမ်းကျင်ဈေးဝယ်သူများက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပေးမည်ဖြစ်သည်။ အိမ်အရောက် ပို့ဆောင်ပေးသည့် ကုန်ပစ္စည်းများကိုလည်း ကျေနပ်နှစ်သက်မှု မရှိပါက ဝယ်သူမှ ငြင်းပယ်နိုင်မည်  ဖြစ်ပါသည်။
  • လိုအပ်သည့် အချိန်တွင် ကုန်ပစ္စည်းများကို အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ပြီး အိမ်ရှေ့အရောက် ပို့ဆောင်ပေးနိုင်ပါသည်။

“ကုန်စုံဆိုင်ပစ္စည်း ပို့ဆောင်ရေးဆိုတာ အရှေ့တောင်အာရှမှာ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်မှုအရ ကုန်စုံဆိုင်ပစ္စည်း ပို့ဆောင်ရေး app အသုံးပြုသူ ၇၀% ဟာ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် app ကနေ ဈေးဝယ်ကြပြီး သူတို့ ဝယ်နေကျ စတိုးဆိုင်တွေကနေပဲ ရှာဖွေဝယ်ယူကြတာ ပိုများပါတယ်။ သူတို့လိုချင်တာက သူတို့ အသုံးလိုတဲ့ ပစ္စည်းတွေကို လိုအပ်တဲ့ အချိန်မှာ အဆင်သင့် ရတာပါပဲ။ တခြား ကုန်စုံဆိုင်စ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုတွေထက်စာရင် GrabFresh မှာ ရွေးချယ်စရာ ပစ္စည်းတွေ အများကြီး ပိုရှိနေပြီးသားပါ” ဟု HappyFresh ၏ CEO ဖြစ်သူ Guillem Segarra ကပြောသည်။

Guillem Segarra က “Grab က ကျွန်တော်တို့အတွက် အလားအလာရှိတဲ့ မိတ်ဖက်လုပ်ငန်းတွေထဲမှာ အကောင်းဆုံး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ Grab ရဲ့ များပြားလှတဲ့ ပစ္စည်းပို့ဆောင်ပေးသူ အရေအတွက်က ကျွန်တော်တို့အတွက် နေရာတော်တော်များများကို ပိုမို တိုးချဲ့လာနိုင်ပြီး ပစ္စည်းပို့ချိန်လည်း ပိုမြန်လာပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရဲ့ အရွယ်အစားနဲ့ နိုင်ငံတကာအဆင့် မြှင့်တင်ဖို့ ကြိုးစားရာမှာလည်း အကျိုးရှိရှိ လုပ်ကိုင်လာနိုင်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်သင်ကြားပေးထားတဲ့ ကျွမ်းကျင် ဈေးဝယ်သူတွေနဲ့အတူ အကောင်းဆုံး ပစ္စည်းဝယ်ယူနိုင်မယ့် ဝန်ဆောင်မှု အတွေ့အကြုံတွေ ဖန်တီးပေးသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အားသာချက်ကို ပိုပြီး အာရုံစိုက်နိုင်လာမှာပါ” ဟု ထပ်မံ ပြောကြားခဲ့သည်။

GrabFresh ကို ယခုလမှ စတင်၍ ဂျာကာတာမြို့တွင် စတင် စမ်းသပ်အသုံးပြုနိုင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့နောက် အခြားနိုင်ငံများတွင် ဆက်လက် တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်သည်။

လျင်မြန်စွာ တိုးတက်ကြီးထွားပြီး နေ့စဉ်အသုံးပြုသူ သန်းပေါင်းများစွာထံ ရောက်ရှိနိုင်သော GrabPlatform

Grab သည် သက်ဆိုင်ရာနယ်ပယ်ရှိ အကောင်းဆုံး မိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်ပြီး Grab အသုံးပြုသူများ၏  နေ့စဉ်ဘဝတွင် အသုံးဝင်မှု အရှိဆုံး  နေ့စဉ်သုံး ဝန်ဆောင်မှုများ ပေးအပ်သွားမည်  ဖြစ်ပါသည်။ ထို့အပြင် ပိုမို များပြားလာသော အသေးစား စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင် လုပ်ငန်းငယ်များအတွက် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

GrabPlatform ဆိုသည်မှာ သယ်ယူပို့ဆောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ငွေပေးချေခြင်း၊ အသုံးပြုသူ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ စာပေးပို့ခြင်း၊ လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ခြင်းနှင့် မြေပုံရေးဆွဲခြင်း စသည်တို့ ပါဝင်သည့် Grab ၏ နည်းပညာ အစိတ်အပိုင်းအချို့ကို ဝင်ရောက်အသုံးပြုနိုင်ခွင့်  ပေးအပ်လိုက်သော APIs နည်းပညာ အစုအဝေး တစ်ခု ဖြစ်ပါသည်။

GrabPlatform ဖြင့် မိတ်ဖက်လုပ်ငန်းများသည် အရှေ့တောင်အာရှဒေသတွင် အခြား မည်သူကမျှ မပေးစွမ်းနိုင်သည့် ယာဉ်မောင်းဦးရေ ၇.၁ သန်းရှိ အကြီးမားဆုံး သယ်ယူပို့ဆောင်ရေး ကွန်ယက်၊ ပစ္စည်းပို့ဆောင်ရေး မိတ်ဖက်လုပ်ငန်းများ၊ ဈေးရောင်းသူများနှင့် ကုန်ပစ္စည်း ဖြန့်ဖြူးပေးသော အေးဂျင့်များ၊ အရှေ့တောင်အာရှ နိုင်ငံပေါင်း ၈ နိုင်ငံမှ မြို့ပေါင်း ၂၂၅ မြို့တွင် ကျယ်ကျယ်ပြန့်ပြန့်  နေရာယူထားပြီးဖြစ်သော လုပ်ငန်းများ၊ ယုံကြည်အားထားနိုင်သည့် နည်းပညာ စနစ်များနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင်  ဒေသတစ်ခုချင်းစီအလိုက် ပေးအပ်လျက်ရှိသည့် ဝန်ဆောင်မှုများ စသည့်တို့ အားလုံး ပေါင်းစပ်ပါဝင်သည့် Grab ၏ ပင်မအရင်းအမြစ်ကြီး တစ်ခုအား ဝင်ရောက်အသုံးပြုနိုင်ခွင့် ရရှိသွားနိုင်မည်ဖြစ်သည်။

“လာမယ့် ၂၀၅၀ ခုနှစ်မှာ အရှေ့တောင်အာရှက လေးခုမြောက် အကြီးဆုံး စီးပွားရေးနယ်ပယ်တစ်ခု  ဖြစ်လာမှာပါ။ လူအများစုဟာ လူလတ်တန်းစား အဆင့်ကို ရောက်ရှိလာပြီး နည်းပညာ အခြေခံ ဗဟုသုတ  တွေကိုလည်း အမီလိုက်နိုင်လာမယ်။ အဲဒီအခါမှာ ကုမ္ပဏီလုပ်ငန်းတွေ အနေနဲ့လည်း ပြောင်းလဲထွက်ပေါ် လာတဲ့ ဈေးကွက်အခွင့်အလမ်းတွေကို မြန်မြန်ဆန်ဆန် ရယူအသုံးချနိုင်အောင် မဖြစ်မနေ ကြိုးပမ်းလာရ လိမ့်မယ်။ Grab မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ နယ်ပယ်အသီးသီးက ကျွန်တော်တို့ မိတ်ဖက်လုပ်ငန်းတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းလိုက်တဲ့အတွက် အရှေ့တောင်အာရှမှာရှိတဲ့ အသုံးပြုသူတွေကို နေ့စဉ် ဝန်ဆောင်ပေးရာမှာ Grab ရော၊ မိတ်ဖက်လုပ်ငန်းတွေပါ နှစ်ဖက်လုံး ပိုမို မြန်မြန်ဆန်ဆန်နဲ့ အကျိုးရှိရှိ တိုးတက်ကောင်းမွန်လာစေပါတယ်” ဟု Anthony Tan ကပြောသည်။

GrabPlatform မိတ်ဖက်လုပ်ငန်းများသည် Grab နှင့် ပူးပေါင်းလုပ်ကိုင်လိုက်ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန် စီမံခန့်ခွဲရသည့် ရှုပ်ထွေးသော အလုပ်များ လျော့နည်းသွားစေပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်း တိုးတက်လာစေမည့် နည်းလမ်းများစွာ ရှာဖွေရာတွင် ပိုမို အာရုံစိုက် လုပ်ကိုင်နိုင်ကြမည် ဖြစ်ပါသည်။

၁) GrabPlatform တွင် ပူးပေါင်းပါဝင်ခြင်း – မိတ်ဖက်လုပ်ငန်းများသည် Grab အသုံးပြုသူများထံသို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် HappyFresh မှ အားဖြည့်ထားသည့် GrabFresh ကဲ့သို့သော ဝန်ဆောင်မှုများစွာ ထပ်မံ ပေးအပ်နိုင်ပါသည်။

၂) GrabPlatform နှင့်အတူ လုပ်ဆောင်ပိုင်ခွင့်များ ရရှိခြင်း – မိတ်ဖက်လုပ်ငန်းများသည် မိမိတို့၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများတွင်လည်း Grab ၏ နည်းပညာနှင့် ဝန်ဆောင်မှု လုပ်ငန်းများစွာကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မိတ်ဖက်လုပ်ငန်းများ ချိတ်ဆက် အသုံးပြုနိုင်သော ဝန်ဆောင်မှုများတွင် မိုဘိုင်းငွေပေးချေမှုစနစ်အတွက် GrabPay, ပို့ဆောင်ထောက်ပံ့ရေး လုပ်ငန်းများအတွက် GrabExpress သို့မဟုတ် သုံးစွဲသူ အချက်အလက် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးရန်အတွက် GrabProfiles စသည့် ဝန်ဆောင်မှုများပါဝင်သည်။

၃) GrabPlatform မှတစ်ဆင့် ချိတ်ဆက်နိုင်ခြင်း – မိတ်ဖက်လုပ်ငန်းများသည် Grab ၏ သတင်းအချက်အလက် ပြသသည့်နေရာ news feed နှင့် GrabRewards loyalty programme တို့မှတစ်ဆင့် အကြံပြုမှတ်ချက်များနှင့် ပရိုမိုးရှင်း အစီအစဉ်များကဲ့သို့သော အသုံးဝင်သည့် သတင်းများပေးပို့ကာ Grab အသုံးပြုသူများနှင့် အမြဲမပြတ် ချိတ်ဆက်နိုင်ကြပြီ ဖြစ်ပါသည်။

နေ့စဉ်သုံး Superapp ဝန်ဆောင်မှု အတွေ့အကြုံကို Grab ဖြင့် ရယူပါ

“ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ သုံးစွဲသူတွေအတွက်  နေ့စဉ် မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ အားလုံးကို သုံးစွဲသူ လိုအပ်တဲ့ ဘယ်အချိန်မဆို၊ တစ်ခါတရံ သုံးစွဲသူက လိုအပ်လာမယ်လို့ မသိသေးခင် အချိန်အထိတောင် ကြိုတင်ပြီး ဝန်ဆောင်မှု ပေးအပ်နိုင်အောင် ဖန်တီးထားတဲ့ အရှေ့တောင်အာရှ ဒေသသုံး app တစ်ခု ဖြစ်လာဖို့ပါပဲ။ Grab ကို အသုံးပြုသူတွေဟာ အရှေ့တောင်အာရှရဲ့ အသုံးဝင်မှု အရှိဆုံး  နေ့စဉ်သုံး superapp တစ်ခုရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဈေးဝယ်ထွက်ဖို့၊  နေရာအမျိုးမျိုးမှာ အသုံးချနိုင်ဖို့၊ ဖျော်ဖြေရေးအတွက် အပန်းဖြေကြည့်ရှု့နိုင်ဖို့နဲ့ ဒီ့ထက်ပိုပြီး များလာမယ့် အံ့သြစရာ  ကောင်းမွန်လှတဲ့ ဝန်ဆောင်မှု အသစ်တွေကို ရရှိနိုင်တော့မှာပါ” ဟု Grab ၏ Head of Product ဖြစ်သူ Jerald Singh ကပြောသည်။

Grab က ကုန်စုံဆိုင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုအပြင် မိုဘိုင်းဖုန်းကတ်အတွက်  ငွေဖြည့်သွင်းနိုင်သော ဝန်ဆောင်မှုဖြစ်သည့် ‘Pulsa’ ကိုလည်း အင်ဒိုနီးရှားနိုင်ငံတွင်  စတင် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။

Grab app တွင်  news feed လုပ်ဆောင်ချက် အသစ်တစ်ခုကို ထည့်သွင်းပေးသွားမည်ဖြစ်ပြီး  ယင်းသည် သင် ခရီးသွားလာနေချိန်တွင် ဒေသနှင့် အလျော်ညီဆုံး၊ အသုံးဝင်မှု အရှိဆုံးနှင့် ပြည့်စုံသည့် အချက်အလက်များ ပေးအပ်နိုင်သည့် အက်ပလီကေးရှင်းအဖြစ် ဖန်တီးသွားမည် ဖြစ်သည်။ သတင်းများ၊ သုံးသပ်ချက်များနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါရှိခြင်းကြောင့် Grab အသုံးပြုသူများမှာ မိမိ ရောက်နေသည့် အနီးအနားရှိ စားသောက်ဆိုင်နှင့် ရှော့ပင်းမောလ်များအကြောင်း သုံးသပ်ချက်များ ဖတ်ရှု့နိုင်ခြင်း၊ နိုင်ငံအလိုက် ထွက်ရှိထားသော ဇာတ်လမ်းတိုများ ကြည့်ရှု့နိုင်ခြင်း သို့မဟုတ် ဂိမ်းကစားနိုင်ခြင်း စသည့် ဝန်ဆောင်မှုများ ရရှိနိုင်မည်  ဖြစ်ပါသည်။ အစ္စလာမ် ဥပုသ်လအတွင်း မနက်စာ စားသုံးသင့်သောအချိန် သို့မဟုတ် မိုးရာသီတွင် ကားနှင့် စက်ဘီး မည်သည့်တစ်ခုကို ရွေးချယ်သင့်ကြောင်း စသည်ဖြင့် အကြောင်းအရာများကို ရာသီအလိုက်  ပြောင်းလဲထည့်သွင်းပေးမည် ဖြစ်ပါသည်။

Grab သည် Yahoo နှင့်လည်း သတင်းအကြောင်းအရာပိုင်းဆိုင်ရာ မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်ပြီ ဖြစ်ရာ  ယခုလမှ စတင်၍ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများမှ Grab အသုံးပြုသူများသည် အချိန်မရွေး နောက်ဆုံးရ သတင်းများကို ဖတ်ရှု့နိုင်ကြမည် ဖြစ်ပါသည်။ အခြားနိုင်ငံများရှိ  ဒေသတွင်း သတင်းအကြောင်းအရာပိုင်းဆိုင်ရာ မိတ်ဖက်လုပ်ငန်းများကိုလည်း မကြာမီ ထုတ်ပြန်  ကြေညာ သွားမည် ဖြစ်သည်။

“Yahoo အနေနဲ့ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံ ဈေးကွက်တွေမှာ သူတို့ရဲ့ ပင်မစာမျက်နှာကို  ပြန်လည်ပြင်ဆင်ဖို့စိတ်ကူးနေတဲ့အချိန်ဖြစ်လို့ ဒီလို Grab နဲ့ ပူးပေါင်းလိုက်တဲ့အပေါ် ကျေနပ် ဝမ်းမြောက်မိပါတယ်။  Grab ဟာ ဒေသအသီးသီးမှာရှိတဲ့ အသုံးပြုသူတွေရဲ့ လိုအပ်မှုတွေ ကို သေသေချာချာ လေ့လာပြီးမှ သုံးစွဲသူတွေ လိုချင်တဲ့ ဝန်ဆောင်မှုတွေကို တိတိကျကျရနိုင်အောင် စဉ်ဆက်မပြတ် ဖန်တီးပေးခဲ့ပါတယ်။ Grab ကနေ သုံးစွဲသူတွေ မျှော်လင့်ထားတဲ့ လွယ်ကူအဆင်ပြေစွာ  အသုံးပြုနိုင်မှုနဲ့အတူ Yahoo က ယုံကြည်ရတဲ့ သတင်းအကြောင်းအရာတွေကို ပေးပို့ပြီး ပိုမို များပြားလာတဲ့ ပရိသတ်ထုကြီးကို သတင်းပေးဖို့၊  ဖျော်ဖြေပေးဖို့နဲ့ ချိတ်ဆက်နိုင်ဖို့ အခွင့်အလမ်း ရရှိလာမယ်လို့ ယုံကြည်ပါတယ်” ဟု Oath INSEA, Hong Kong နှင့် Japan တို့မှ Managing Director ဖြစ်သူ Rico Chan ကပြောသည်။

Grab ၏ မိတ်ဖက်လုပ်ငန်းများအဖြစ် GrabPlatform တွင် ပူးပေါင်းလုပ်ကိုင်ရန် စိတ်ပါဝင်စားသော စွန်ဦးတီထွင် လုပ်ငန်းငယ်များနှင့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် GrabVentures (https://ventures.grab.com/တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Grab ဝန်ဆောင်မှု အတွေ့အကြုံအသစ်များကို စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများ၏ iOS တွင် ယနေ့မှ စပြီး လည်းကောင်း၊ Android တွင် ဇူလိုင်လ ၁၈ ရက်နေ့မှလည်းကောင်း စတင် အသုံးပြုနိုင်ကြပြီ ဖြစ်ပါသည်။ အခြားနိုင်ငံများတွင် တတိယ သုံးလပတ်အတွင်း Grab ဝန်ဆောင်မှုအသစ်များ စတင် အသုံးပြုနိုင်ကြမည်  ဖြစ်ပါသည်။

 Grab အကြောင်း

Grab သည် အရှေ့တောင်အာရှတွင် အများဆုံး အသုံးပြုလျက်ရှိသော ထိပ်တန်း O2O မိုဘိုင်းပလက်ဖောင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော  နေ့စဉ်သုံး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ သွားလာရေး၊ အစားအသောက်၊ အိမ်အရောက် ဈေးဝယ်ခြင်း စသည်တို့ကို e-wallet တစ်ခုတည်းဖြင့် ငွေပေးချေနိုင်သည်။ အရှေ့တောင်အာရှ နိုင်ငံသားတိုင်း ဒစ်ဂျစ်တယ် စီးပွားရေးမှ အကျိုးကျေးဇူးများ ရရှိသင့်သည်ဟု Grab က ယုံကြည်သည့်အတိုင်း ကုမ္ပဏီသည် လုံခြုံစိတ်ချရပြီး ဈေးနှုန်းသင့်တင့်သော သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့် ပစ္စည်း ပို့ဆောင်ရေး၊ မိုဘိုင်း ငွေချေစနစ်နှင့် ငွေကြေး ဝန်ဆောင်မှုများ ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် Grab သည် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက http://www.grab.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter