Press Centre

Grab နှင့် Essilor တို့ ပူးပေါင်း၍ Grab ယာဉ်မောင်းများအတွက် မျက်စိကျန်းမာရေး စောင့်ရှောက်ပေးသည့် အစီအစဉ်တစ်ခု မိတ်ဆက်

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab နှင့် ကမ္ဘာ့ထိပ်တန်း မျက်စိကျန်းမာရေး စက်ကိရိယာများ ထုတ်လုပ်သည့်ကုမ္ပဏီ Essilor လုပ်ငန်းစုတို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ Grab မိတ်ဖက်ယာဉ်မောင်းများအတွက် မျက်စိကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း အစီအစဉ်တစ်ခုကို မိတ်ဆက်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ယာဉ်မောင်းများ၏ မျက်စိကျန်းမာရေးနှင့် ပတ်သက်၍ အသိအမြင် တိုးပွားလာစေရန်နှင့် ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် ရန်ကုန်မြို့တော်ရှိ လမ်းမများပေါ်တွင် […]

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီ ၂၅ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab နှင့် ကမ္ဘာ့ထိပ်တန်း မျက်စိကျန်းမာရေး စက်ကိရိယာများ ထုတ်လုပ်သည့်ကုမ္ပဏီ Essilor လုပ်ငန်းစုတို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ Grab မိတ်ဖက်ယာဉ်မောင်းများအတွက် မျက်စိကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း အစီအစဉ်တစ်ခုကို မိတ်ဆက်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ယာဉ်မောင်းများ၏ မျက်စိကျန်းမာရေးနှင့် ပတ်သက်၍ အသိအမြင် တိုးပွားလာစေရန်နှင့် ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် ရန်ကုန်မြို့တော်ရှိ လမ်းမများပေါ်တွင် အန္တရာယ် ကင်းစွာ သွားလာနိုင်စေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

စက်တင်ဘာလ၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန်မြို့၌ စတင်ခဲ့သော အဆိုပါ အစီအစဉ်တွင် Grab မိတ်ဖက်ယာဉ်မောင်းများအတွက် အခမဲ့ မျက်စိကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးပြီး လိုအပ်ချက်များ အပေါ် ညွှန်ကြားပေးခြင်းများအပြင် ယာဉ်မောင်းများအတွက် လိုအပ်သည့် ပါဝါမျက်မှန်နှင့် နေကာမျက်မှန်များကို Essilor ၏ လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် 2.5 New Vision Generation (2.5 NVG) စီမံချက်မှတစ်ဆင့် အထူးသက်သာသောဈေး  နှုန်းများဖြင့် ရရှိနိုင်ရန် ပံ့ပိုးကူညီပေးလျက်ရှိသည်။

ယခု အစီအစဉ်သည် အမြင်အာရုံ အားနည်းမှုကြောင့် ဖြစ်လာနိုင်သော ယာဉ်အန္တရာယ်များ ကင်းရှင်းစေရန် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နိုင်ငံလုံးဆိုင်ရာ မျက်စိကျန်းမာရေး စီမံကိန်း (NEPH) (၂၀၁၇ မှ ၂၀၂၁ အထိ) ကို ပံ့ပိုးပေးသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပြီး  Grab မိတ်ဖက်ယာဉ်မောင်းများအတွက် အမြင်အာရုံ စစ်ဆေးနိုင်ရန် အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်းကြောင့် ထိခိုက်မှုများမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။  Grab နှင့် Essilor ၏ 2.5 New Vision Generation တို့အကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင် သဘောတူညီမှု ရယူခဲ့ပြီး  အရှေ့တောင်အာရှ နိုင်ငံများရှိ Grab မိတ်ဖက်ယာဉ်မောင်းများ အားလုံးအတွက် ပံ့ပိုးပေးနိုင်မည့် အစီအစဉ်ဖြစ်သည်။

မြန်မာနိုင်ငံသည် Grab နှင့် Essilor တို့၏ မျက်စိကျန်းမာရေး ထိန်းသိမ်း စောင့်ရှောက်ခြင်း အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့သည့် ပထမဆုံးဈေးကွက်ဖြစ်ပြီး အငှားယာဉ်မောင်း ၄၀၀ ဦးခန့် စမ်းသပ်စစ်ဆေးခဲ့ပြီးဖြစ်ကာ အမြင်အာရုံ စမ်းသပ်စစ်ဆေးခြင်း အစီအစဉ်များကို လစဉ် ရက်သတ်မှတ်၍ ပြုလုပ်ပေးမည်ဖြစ်သည်။

“Grab အနေနဲ့ အငှားယာဉ်မောင်းတွေရဲ့ဘဝ တိုးတက်ကောင်းမွန်ဖို့အတွက် ရင်းနှီးမြုပ်နှံထားပြီး အခုလို Essilor နဲ့အတူ မြန်မာနိုင်ငံမှာ လမ်းအန္တရာယ် ကင်းရှင်းရေးနဲ့ မျက်စိကျန်းမာရေး ကူညီစောင့်ရှောက်တဲ့ နေရာမှာ ဦးဆောင် ပါဝင်လုပ်ကိုင်ပေးနိုင်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒီလို Grab မိတ်ဖက်ယာဉ်မောင်းတွေကို အမြင်အာရုံ ကျန်းမာရေး အခြေအနေ စစ်ဆေးပေးလိုက်တဲ့အတွက် ဘယ်သူတွေက အမြင်အာရုံ အားနည်းနေတယ်ဆိုတာ သိရှိပြီး ဘယ်သူတွေကတော့ ထပ်ပြီး စစ်ဆေးကြည့်ဖို့ ဒါမှမဟုတ်  ပါဝါမျက်မှန်ဖြစ်ဖြစ်၊ နေကာမျက်မှန်ဖြစ်ဖြစ် တပ်ဖို့ လိုအပ်တယ်ဆိုတာ ညွှန်ကြားပေးနိုင်ပါတယ်။ အခု လုပ်ကိုင်နေတဲ့ ကနဦး ဆောင်ရွက်ချက်တွေက ကျွန်တော်တို့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ဘဝ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်စေဖို့ ဆောင်ရွက်ပေးနေတဲ့ Driver Care အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတွေကို မြန်မာနိုင်ငံတစ်ဝှမ်းမှာ မိတ်ဆက်ပေးခဲ့သလိုပဲ ဒီ မျက်စိကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း အစီအစဉ်ကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာရောက်အောင် ဆောင်ရွက်သွားဖို့ မျှော်လင့်ထားပါတယ်” ဟု Grab Myanmar ၏ Country Manager ဖြစ်သူ Amrt Sagar က ပြောသည်။

“တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စစ်တမ်းတွေအရ ယာဉ်မောင်းငါးယောက်မှာ တစ်ယောက်က လမ်းတွေကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ ဒါက ကိုယ်ကိုယ်တိုင်ရော တစ်ခြားသူတွေကိုပါ အန္တရာယ်ဖြစ်အောင် တွန်းပို့နေသလိုပါပဲ။ အမြင်အာရုံ ကောင်းမွန်စေခြင်းဖြင့် ဘဝတွေကို တိုးတက်စေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Essilor ကုမ္ပဏီဟာ လမ်းအန္တရာယ် ကင်းရှင်းစေရေးမှာ အရေးကြီးတဲ့ အမြင်အာရုံ ကောင်းကောင်းရအောင် နှစ်ပေါင်းများစွာ တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။ Grab နဲ့ အခုလို ပူးပေါင်းဆောင်ရွက်လိုက်တာက ဒီ ပြဿနာကို အရှေ့တောင်အာရှမှာရှိတဲ့ လူတွေ ပိုပြီးအာရုံစိုက်လာအောင် ပြုလုပ်ပေးနိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့နဲ့ FIA (Fédération Internationale de l’Automobile)  တို့ရဲ့ ကမ္ဘာ့အဆင့် ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်တဲ့ ကားမောင်းသူတွေအတွက် ပုံမှန် မျက်စိကျန်းမာရေး စစ်ဆေးဖို့ အရေးကြီးကြောင်း အသိပညာပေးရန်ဆိုတဲ့ အချက်နဲ့လည်း ကိုက်ညီမှုရှိပါတယ်။ ၂၀၁၅ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ရဲ့ လေ့လာချက်အရ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ယာဉ်မတော်တဆကြောင့် ဒုတိယ သေဆုံးမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီလို အခြေအနေကို ပြောင်းလဲနိုင်ဖို့ ဒေသတွင်း ယာဉ်မောင်းတွေကို အခမဲ့ မျက်စိစမ်းသပ်ပေးနိုင်အောင်၊ အရည်အသွေးကောင်း မျက်မှန်တွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို ကူညီပေးနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု တောင်အာရှနှင့် အရှေ့တောင်အာရှရှိ Essilor ၏ 2.5 New Vision Generation စီမံကိန်းမှ Vice President ဖြစ်သူ Saugata Banerjee က ပြောသည်။

မျက်စိကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့သော Grab မိတ်ဖက် ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုလှမြင့် ( အသက် ၃၇ နှစ်) က ယာဉ်မောင်းသက်တမ်း ၈ နှစ်အတွင်း  လိုင်စင်ဝင်သည့် အချိန် တစ်ကြိမ်သာ  မျက်စိစမ်းသပ်မှု ခံယူဖူးသည်ဟု ဆိုသည်။  “အခုလို အခမဲ့ မျက်စိကျန်းမာရေး စစ်ဆေးပေးတာတွေက ကျွန်တော်တို့လို ယာဉ်မောင်းတွေအတွက် တကယ့်ကို အကျိုးရှိပါတယ်။ ကျွန်တော်တို့ ယာဉ်မောင်းအများစုက  မျက်စိကျန်းမာရေး စစ်ဆေးကုသဖို့ဆိုပြီး မျက်စိဆေးခန်းတွေကို တော်ရုံတန်ရုံ မသွားဖြစ်ကြဘူး။ ကျွန်တော်ဆိုလည်း ကိုယ့်မျက်စိတွေ ကြည့်ရတာ ပုံမှန်မဟုတ်ဘူးလို့ စိတ်ထဲ သတိထားမိပေမယ့် မျက်စိ ဆေးခန်း မသွားဖြစ်ခဲ့ဘူး။  ကံကောင်းထောက်မစွာပဲ အခုလို Grab ရဲ့ အမြင်အာရုံ ကျန်းမာရေး စမ်းသပ်စစ်ဆေးမှု အစီအစဉ်မှာ ပါဝင်ပြီး အခမဲ့ မျက်စိကျန်းမာရေး စစ်ဆေးနိုင်တဲ့ အခွင့်အရေး ရခဲ့ပါတယ်။ တကယ်လို့ ဒီလိုအစီအစဉ်သာ မရှိခဲ့ဘူးဆိုရင် ကျွန်တော် မျက်စိကျန်းမာရေး စစ်ဆေးဖြစ်ဖို့ မသေချာပါဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အခု မျက်မှန်တစ်လက် လုပ်လိုက်တော့ ကြည့်ရတာ ပိုအဆင်ပြေသွားပြီ” ။

Grab နှင့် Essilor ၏ 2.5 New Vision Generation စီမံချက်အရ ပူးပေါင်းဆောင်ရွက်ခဲ့သော မျက်စိကျန်းမာရေး ထိန်းသိမ်း စောင့်ရှောက်ခြင်း အစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ မိတ်ဆက်ပေးခဲ့ပြီး ဂျာကာတာမြို့ရှိ ဒေသတွင်း မိတ်ဖက်ဆေးရုံတစ်ခုတွင် Grab ၏ မိတ်ဖက်ယာဉ်မောင်း ၂၀၀ ကျော်အား အခမဲ့ မျက်စိစမ်းသပ်ပေးခဲ့ပြီး ဖြစ်ပါသည်။

အမြင်အာရုံနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး

အမြင်အာရုံ ချို့ယွင်းမှုသည် ယာဉ်မတော်တဆမှုကို မြင့်မားစေနိုင်သည် –

  • ၂၀၁၅ ခုနှစ်တွင် ကောက်ယူထားသော စစ်တမ်းအရ မြန်မာနိုင်ငံ၏ ယာဉ်တိုက်မှု ကြောင့် သေဆုံးမှုနှုန်းမှာ လူဦးရေ ၁၀၀,၀၀၀ တွင် ၂၀.၃ ဦး ရှိသည်။
  • ယာဉ်မတော်တဆမှုများ၏ ၆၀ ရာခိုင်နှုန်းသည် အမြင်အာရုံ ချို့ယွင်းမှုကြောင့် ဖြစ်သည်။
  • သာမာန် အမြင်အာရုံ အားနည်းခြင်းသည်ပင်လျင် ညအချိန်တွင် လမ်းသွားလမ်းလာများကို မြင်နိုင်စွမ်း လျော့နည်းစေသည်။

 Grab Driver Care အစီအစဉ်

Grab သည်  ၂၀၁၇ ခုနှစ်၊ ရန်ကုန်မြို့တွင် လုပ်ငန်း စတင်လည်ပတ်ခဲ့သည့် အချိန်ကတည်းက  ယာဉ်မောင်းများ၏ နေထိုင်မှုဘ၀ မြင့်မားလာစေရေးအတွက် Grab Driver Care အစီအစဉ်ကို  ရင်းနှီးမြုပ်နှံခဲ့သည်။  အဆိုပါ အစီအစဉ်သည် မိတ်ဖက်ယာဉ်မောင်းများအတွက် ပညာရပ်အသစ်များ သင်ယူတတ်မြောက်စေရန်နှင့် ၎င်းတို့၏ နေထိုင်မှုဘဝ ပိုမိုမြင့်မားလာစေရန် ကူညီပေးပြီး တစ်ချိန်တည်းမှာပင် မိတ်ဖက်ယာဉ်မောင်းများ၏ အပိုဝင်ငွေ တိုးပွားလာစေရန် အဓိကထား လုပ်ဆောင်ပေးပါသည်။ အမြင်အာရုံ ကာကွယ်စောင့်ရှောက်ခြင်း အစပျိုး လုပ်ဆောင်ချက်များအပြင် Grab Diver Care အစီအစဉ်တွင် တစ်ကိုယ်ရေ ထိခိုက်မှုအာမခံ၊ ငွေကြေးစီမံခန့်ခွဲမှု ပြုလုပ်နိုင်သည့် ဘဏ်အကောင့်များနှင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှု အပါအဝင် နိုင်ငံခြားသား ခရီးသည်များအား ပိုမို ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် အထူးရွေးချယ်ထားသော ယာဉ်မောင်းများကို သင်ကြားပေးသည့် အင်္ဂလိပ် ဘာသာစကားသင်တန်းများလည်း ပါဝင်ပါသည်။

Grab သည် မြန်မာနိုင်ငံအတွက် ၎င်း၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့၌ GrabTaxi မိတ်ဆက်ပြေးဆွဲခြင်းဖြင့် စတင်ခဲ့ပါသည်။ ထို့နောက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးမြို့၌ GrabBike စတင် စမ်းသပ်ပြေးဆွဲခဲ့သည်။ 

 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter