Press Centre

Grab သည် အရှေ့တောင်အာရှဒေသတွင်း လုပ်ငန်း လည်ပတ်မှုများအတွက် Uber နှင့် ပူးပေါင်းလိုက်ပြီ  

အရှေ့တောင်အာရှအခြေပြု  နည်းပညာကုမ္ပဏီတစ်ခုရဲ့ အကြီးမားဆုံးသော လွှဲပြောင်းရရှိမှု ဖြစ်သည်။ Grab သည် အရှေ့တောင် အာရှနိုင်ငံများတွင် ဦးဆောင်နေသော အွန်လိုင်းမှ အော့ဖ်လိုင်း (O2O) မိုဘိုင်းပလက်ဖောင်းအဖြစ် တိုးချဲ့လုပ်ဆောင်ရန် နောက်အဆင့်တစ်ဆင့်သို့ တက်လှမ်းလိုက်ခြင်း ဖြစ်သည်။ GrabFood ကို ဒေသတွင်း အစားအသောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများတွင် နံပါတ် တစ် ဖြစ်လာရန် တိုးချဲ့လုပ်ဆောင်မှုဖြစ်သည်။  စင်ကာပူနိုင်ငံနှင့် ဆန်ဖရန်စစ္စကို၊ မတ် ၂၆ ရက်နေ့၊ ၂၀၁၈ ခုနှစ် – Grab သည် Uber ၏ အရှေ့တောင်အာရှနိုင်ငံများ၌ လုပ်ငန်းလည်ပတ်မှုများကို လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း Grab […]

  • အရှေ့တောင်အာရှအခြေပြု  နည်းပညာကုမ္ပဏီတစ်ခုရဲ့ အကြီးမားဆုံးသော လွှဲပြောင်းရရှိမှု ဖြစ်သည်။
  • Grab သည် အရှေ့တောင် အာရှနိုင်ငံများတွင် ဦးဆောင်နေသော အွန်လိုင်းမှ အော့ဖ်လိုင်း (O2O) မိုဘိုင်းပလက်ဖောင်းအဖြစ် တိုးချဲ့လုပ်ဆောင်ရန် နောက်အဆင့်တစ်ဆင့်သို့ တက်လှမ်းလိုက်ခြင်း ဖြစ်သည်။
  • GrabFood ကို ဒေသတွင်း အစားအသောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများတွင် နံပါတ် တစ် ဖြစ်လာရန် တိုးချဲ့လုပ်ဆောင်မှုဖြစ်သည်။

 စင်ကာပူနိုင်ငံနှင့် ဆန်ဖရန်စစ္စကို၊ မတ် ၂၆ ရက်နေ့၊ ၂၀၁၈ ခုနှစ် – Grab သည် Uber ၏ အရှေ့တောင်အာရှနိုင်ငံများ၌ လုပ်ငန်းလည်ပတ်မှုများကို လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း Grab က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းသည် အရှေ့တောင်အာရှအခြေပြု  နည်းပညာကုမ္ပဏီတစ်ခု၏ အကြီးမား ဆုံးသော လွှဲပြောင်းရရှိမှုဖြစ်သည်။ Grab သည် ဒေသတွင်းရှိ Uber ၏ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းနှင့် အစားအသောက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် လုပ်ငန်းကို Grab ၏ လက်ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ ပလက်ဖောင်း အမျိုးမျိုးတို့တွင် ပေါင်းစည်းလည်ပတ်မည် ဖြစ်သည်။ ဤပူးပေါင်းမှုဖြင့် Grab သည် အရှေ့တောင်အာရှဒေသတွင်းတွင် ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း အဖြစ်သော်လည်းကောင်း၊ အစားအသောက် ပို့ဆောင်ပေးသည့် လုပ်ငန်းနယ်ပယ်တွင် အဓိကကျသော လုပ်ငန်းဆောင်ရွက်သူအဖြစ်သော်လည်းကောင်း ရပ်တည်နိုင်ရန် ဦးတည်လုပ်ဆောင်မည် ဖြစ်သည်။

Grab သည် အရှေ့တောင်အာရှဒေသတွင်း အသုံးပြုသူများ အလေးထားရဆုံးဖြစ်သည့် စိတ်ချလုံခြုံရပြီး စရိတ် သက်သာသည့် သယ်ယူပို့ဆောင်ရေးပုံစံ၊ အစားအစာနှင့် အထုပ်အပိုး ပို့ဆောင်ရေးလုပ်ငန်း၊ မိုဘိုင်းငွေပေးချေစနစ် နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကဲ့သို့သော အခြေခံကျသည့် ဝန်ဆောင်မှုများကို ပေးအပ် လုပ်ဆောင်လျက် ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ Uber ၏ လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုကို လွှဲပြောင်းယူပြီးနောက် Grab သည် ၎င်း၏ စရိတ်စကသက်သာပြီး အလုပ်အတွင်ဆုံး အရှေ့တောင်အာရှ ပလက်ဖောင်းအဖြစ် ဆက်လက် ဦးဆောင်နေမည်ဖြစ်သည်။  ယခုလုပ်ငန်းလွှဲပြောင်းရယူခြင်း၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့် Uber သည် Grab တွင် ၂၇.၅ ရာခိုင်နှုန်း ဝေစုကို ရရှိမည်ဖြစ်ပြီး Uber ၏ CEO ဖြစ်သော Dara Khorowshahi က Grab ၏ ဘုတ်အဖွဲ့တွင် ပါဝင်လာမည်ဖြစ်သည်။

Grab ၏ Co-founder နှင့် Group CEO ဖြစ်သော Anthony Tan က “အရှေ့တောင်အာရှက မွေးဖွားလိုက်တဲ့ ကုမ္ပဏီတစ်ခုဟာ  ငါးသန်းကျော် အရေအတွက်ရှိတဲ့ လူတွေအတွက် ဝင်ငွေအခွင့်အလမ်းတွေ ဖန်တီးပေးနေပြီး သန်းပေါင်းများစွာသော စားသုံးသူတွေ နေ့စဉ် အသုံးပြုနေတဲ့ အကြီးမားဆုံး ပလက်ဖောင်းတွေထဲက တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဆိုတာကို  ကျွန်တော်တို့  ရိုကျိုးနှိမ့်ချစွာ အသိပေးချင်ပါတယ်။ ဒီနေ့ရဲ့ လုပ်ငန်းလွှဲပြောင်း ရယူမှုဟာ ခေတ်အသစ်တစ်ခုရဲ့ အစကို အမှတ်အသား ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီပေါင်းစည်းထားတဲ့ လုပ်ငန်းဟာ ဒေသတွင်း စရိတ်သက်သာပြီး အလုပ်တွင်ကျယ်မှုအရှိဆုံး ပလက်ဖောင်းမှာ ဦးဆောင်သူ ဖြစ်လာပါပြီ။ Uber နဲ့အတူ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူဖောက်သည်တွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးမယ်ဆိုတဲ့ ကတိကို ဖြည့်ဆည်းနိုင်ဖို့ ပိုကောင်းတဲ့ အနေအထားကို ရောက်သွားပါပြီ။ ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အမှတ်တံဆိပ်အပေါ်ထားတဲ့ Uber ရဲ့ ယုံကြည်မှုကြောင့် အစားအသောက်၊ ငွေပေးချေမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကနေ လူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးတဲ့ ကုမ္ပဏီတစ်ခုအဖြစ် တက်လှမ်းနိုင်မယ့် နောက်ထပ် အဆင့်တစ်ခုဆီ မျှော်ကြည့်လို့ ရသွားပြီပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

Grab ၏ Co-founder ဖြစ်သူ Tan Hooi Ling က “ကျွန်မတို့ နောက်လာမယ့် လေးလတာ ကာလအတွင်း အဓိကကျတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအားလုံးမှာ GrabFood ကို လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် တိုးချဲ့ လုပ်ဆောင်သွားမှာပါ။ ကျွန်မတို့ရဲ့ များပြားလာတဲ့ စားသုံးသူတွေ၊ ယာဉ်မောင်းတွေနဲ့ ကိုယ်စားလှယ်တွေ၊ အခုဆိုရင် ကုန်သည်တွေ၊ အိမ်တိုင်ရာရောက် ပို့ဆောင်ဖြန့်ဖြူးပေးတဲ့ မိတ်ဖက်တွေပါဝင်တဲ့ ဂေဟစနစ်ကြီး တစ်ခုကို ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ဖို့ ဖန်တီးပေးဦးမှာပါ။ GrabPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုလာကြဖို့နဲ့ ကျယ်ပြန့်လာတဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု ပလက်ဖောင်းကို အထောက်အကူပြုဖို့လည်း  GrabFood ဝန်ဆောင်မှုက တကယ့်ကို အကူအညီဖြစ်မှာပါ” ဟု ပြောသည်။

“ဒီသဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ငါးနှစ်ကျော်က အရှေ့တောင်အာရှတစ်ခွင် Uber ရဲ့ ထူးခြားတဲ့  တိုးတက်မှုတွေအတွက် သက်သေတစ်ခုပါပဲ။ ကျွန်တော်တို့က အများပြည်သူဆီ ကနဦး စတော့ရှယ်ယာ ရောင်းချတဲ့ IPO လုပ်ဖို့ စဉ်းစားထားတာမို့ ဒီသဘောတူညီချက်က ကျွန်တော်တို့ကို ရေရှည်တည်တံ့တဲ့ ကမ္ဘာ့စီးပွားရေး လုပ်ငန်းတစ်ခုကို ဆက်လက်တည်ဆောက် နိုင်စေပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို သုံးစွဲသူတွေအနေနဲ့ အကောင်းဆုံး အတွေ့အကြုံတွေ ဖန်တီးပေးနိုင်ဖို့ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဆက်လုပ်နိုင်စေပါတယ်။ Anthony နဲ့ သူ့ရဲ့ Grab အဖွဲ့သားတွေနဲ့အတူ ဒီခြေလှမ်းကို တက်လှမ်းလိုက်ရတဲ့ အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။ အရှေ့တောင်အာရှတွင်း Grab ပလက်ဖောင်းရဲ့ ရှေ့အနာဂါတ် တိုးတက်ကြီးထွားလာဖို့ကို  စောင့်စားမျှော်လင့်နေပါတယ်” ဟု Uber ၏ CEO Dara Khosrowshahi က ပြောသည်။

Grab ၏ ခေတ်သစ်တွင် ပြုလုပ်မည့် တိုးချဲ့မှုများ – အရှေ့တောင်အာရှဒေသ၏ ထိပ်တန်း O2O မိုဘိုင်းပလက်ဖောင်းကို တည်ဆောက်ရန်

  • အစားအသောက်ပို့ဆောင်သည့် ဝန်ဆောင်မှု – Grab သည် အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ရှိနေသော ၎င်း၏ GrabFood လုပ်ငန်းများကို Uber Eats လုပ်ငန်းနှင့် ပေါင်းစည်းပြီးနောက်တွင် နောက်ထပ် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ တိုးချဲ့မည်ဖြစ်သည်။ ၂၀၁၈ ပထမနှစ်ဝက်အတွင်းတွင်  GrabFood ကို အဓိကကျသော အရှေ့တောင်အာရှနိုင်ငံများအားလုံးတွင် ရနိုင်တော့မည်ဖြစ်သည်။
  • သယ်ယူပို့ဆောင်ရေး – Grab သည် ၎င်း၏ အဓိက လုပ်ငန်းဖြစ်သော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွင် ပြည်တွင်းနှင့် ကိုက်ညီသင့်လျော်သည့် အငှားယာဉ်ဝန်ဆောင်မှု ပုံစံများနှင့် မိုဘိုင်းအခြေပြု လုပ်ငန်းများကို အခြား ကားကုမ္ပဏီများ၊  သယ်ယူပို့ဆောင်ရေး အထောက်အပံ့ပေးသူများနှင့် ပူးပေါင်းကာ ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ Grab သည် အစိုးရအဖွဲ့များနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အော်ပရေတာများနှင့် ပူးပေါင်းပြီး အဆင်ပြေချောမွေ့ပြီး အသွင်အမျိုးမျိုးဖြင့် ပေါင်းစည်းထားသည့် ခရီးအတွေ့အကြုံများကို ဖန်တီးပေးမည်ဖြစ်သည်။ ထိုသို့ ရည်မှန်းထားသည်နှင့်အညီ စက်ဘီးကို အတူဝေမျှ စီးနိုင်သကဲ့သို့ တစ်ကိုယ်ရေသုံးယာဉ်အဖြစ် ငှားရမ်းနိုင်သော GrabCycle ဝန်ဆောင်မှုနှင့် ဘတ်စ်လမ်းကြောင်းအတိုင်း ပြေးဆွဲပြီး လိုအပ်သည့် အချိန် ကြိုတင်ငှားရမ်းထားကာ စီးနင်းနိုင်သော ဝန်ဆောင်မှုဖြစ်သည့်  GrabShuttle Plus ကို မကြာသေးခင်ကမှ မိတ်ဆက်ပြီး စမ်းသပ်ပြေးဆွဲခဲ့သည်။
  • ငွေပေးချေမှုနှင့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ – Grab သည် ဒေသတွင်းရှိ အသေးစား လုပ်ငန်းငယ်များနှင့် လုပ်ငန်းရှင်များ၊ ဘဏ်ဝန်ဆောင်မှု ပြည့်စုံစွာ မရရှိသည့် သန်းပေါင်းများစွာသော စားသုံးသူများအတွက် မိုဘိုင်းအခြေပြု ငွေပေးချေမှုပုံစံများ၊ အသေးစားချေးငွေများ၊ အာမခံနှင့် အခြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အပါအဝင် Grab Financial အောက်တွင် ပူးတွဲဝန်ဆောင်မှုများကို ပြင်ဆင်လျက် ဆက်လက် တိုးချဲ့လုပ်ဆောင်မည်ဖြစ်သည်။ မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သော GrabPay ဝန်ဆောင်မှုသည်လည်း ယခုနှစ်အကုန်ခန့်တွင် အဓိကကျသော အရှေ့တောင် အာရှနိုင်ငံများအားလုံးတွင် ရှိလာတော့မည်ဖြစ်သည်။

အဆင်မပြေမှုများ လျော့နည်းစေရန်အတွက် Grab နှင့် Uber သည် Uber ယာဉ်မောင်းများနှင့် ခရီးသည်များ၊ Uber Eats သုံးစွဲသူဖောက်သည်များ၊ မိတ်ဖက်ကုန်သည်များနှင့် မိတ်ဖက်ပစ္စည်းပို့ဆောင်ရေးတို့ကို Grab ပလက်ဖောင်းပေါ်သို့ အမြန်ဆုံး ရောက်ရှိလာရန် အတူတကွ လုပ်ဆောင်လျက်ရှိသည်။ Uber app သည် Uber ယာဉ်မောင်းများအတွက် တည်ငြိမ်စွာ အကူးအပြောင်းလုပ်နိုင်ရေးအတွက် သေချာစေရန် နောက် နှစ်ပတ်ကြာအထိ ဆက်လက်အလုပ်လုပ်နေဦးမည်ဖြစ်ပြီး ထိုအချိန်အတွင်းတွင် Grab ပလက်ဖောင်းတွင် မှတ်ပုံတင်စာရင်းသွင်းရန် လိုအပ်သည်ဖြစ်ရာ  [www.grab.com/mm/comingtogether] တွင် မည်သို့ စာရင်းသွင်းရမည့် အကြောင်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။ Uber Eats သည်လည်း မေလအကုန်အထိ အလုပ်လုပ်နေဦးမည်ဖြစ်ပြီး ထိုကာလ နောက်ပိုင်းတွင် Uber မိတ်ဖက် ပို့ဆောင်ရေးနှင့် စားသောက်ဆိုင်ပိုင်ရှင်များအနေနှင့် GrabFood ပလက်ဖောင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။

Grab သည် အရှေ့တောင်အာရှတွင်း အသုံးပြုမှု အများဆုံးသော O2O မိုဘိုင်းပလက်ဖောင်းများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ လူဦးရေ ငါးသန်းကျော်သည် ထိုပေါင်းစည်းထားသော ပလက်ဖောင်းကို နေ့စဉ် အသုံးပြုနေသည်။ ယခုတွင် Grab app ကို ဒေါင်းထားသော မိုဘိုင်းဖုန်းပေါင်း သန်း ၉၀ ကျော်ရှိရာ ခရီးသည်များသည် ဒေသတွင်း အကြီးမားဆုံးသော အငှားယာဉ်များနှင့် ကိုယ်စားလှယ်ကွန်ယက်တွင်း အရေအတွက် ငါးသန်းကျော်သော ယာဉ်မောင်းများနှင့် ကိုယ်စားလှယ်များကို ငှားရမ်းစီးနင်းနိုင်ပြီဖြစ်သည်။

Grab သည် အရှေ့တောင်အာရှတွင်း နိုင်ငံပေါင်း ၈ နိုင်ငံရှိ ၁၉၅ မြို့တွင် ဝန်ဆောင်မှုပေးနေပြီး အစားအစာနှင့် ထုပ်ပိုးပို့ဆောင်မှုဝန်ဆောင်မှုများအပြင် မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ တက္ကစီများ နှင့် ခရီးလမ်းကြောင်း တူသူများအတွက် စီစဉ်ပေးထားသည့် ဝန်ဆောင်မှုများ ပါဝင်သည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပုံစံ အများဆုံးရှိသည့် ပလက်ဖောင်းဖြစ်သည်။

Grab Financial သည် အရှေ့တောင်အာရှဒေသတစ်လျှောက် သန်းပေါင်းများစွာသော Grab ဝန်ဆောင်မှု သုံးစွဲသူများအတွက် ငွေသားကိုင်ဆောင်စရာမလိုသည့် ဝန်ဆောင်မှုကို ရရှိနိုင်ပါသည်။ ထိုဝန်ဆောင်မှုသည် ဘဏ်စာရင်းမရှိသူများကို ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးသည်။

                                                                                                                                ###

Grab အကြောင်း

Grab သည် စားသုံးသူများအတွက် အရေးအကြီးဆုံးဖြစ်သော နေ့စဉ် ဝန်ဆောင်မှုများကို ပေးအပ်နေသည့် အရှေ့တောင် အာရှတွင်း အသုံးပြုအများဆုံးသော O2O မိုဘိုင်းပလက်ဖောင်းများထဲမှ တစ်ခုဖြစ်သည်။ ခရီးသွား၊ စားသောက်၊ ဈေးဝယ်၊ ပစ္စည်း ပို့၊  အီလက်ထရောနစ် ပိုက်ဆံအိတ် တစ်ခုတည်းဖြင့် ငွေပေးချေနိုင်သည့် နေ့စဉ်လုပ်ငန်းစဉ်တို့အတွက် ဝန်ဆောင်မှုပေးလျက် ရှိသည်။ Grab ကုမ္ပဏီသည် စိတ်ချလုံခြုံပြီး စရိတ် သက်သာသော သယ်ယူပို့ဆောင်ရေးပုံစံ၊ အစားအသောက်နှင့် အထုပ်အပိုး ပို့ဆောင်သည့် ဝန်ဆောင်မှု၊ မိုဘိုင်း အသုံးပြု ငွေပေးချေမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးလျက်ရှိရာ အရှေ့တောင်အာရှနိုင်ငံသားတိုင်းသည်  ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းမှ အကျိုးကျေးဇူးရရှိမည်ဖြစ်သည်။ ယခုအခါ Grab သည် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက http://www.grab.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Uber အကြောင်း

Uber ၏ ဦးတည်ချက်မှာ လူတိုင်းအတွက် နေရာတိုင်းတွင် ယုံကြည်အားထားရသည့်သယ်ယူပို့ဆောင်ရေးစနစ် ပံ့ပိုးပေးနိုင်ရန် ဖြစ်သည်။  ကျွနု်ပ်တို့သည် ၂၀၁၀ ခုနှစ်က ခလုတ်ကလေးတစ်ခု နှိပ်လိုက်ရုံနဲ့ ဘယ်လို ကားငှားလို့ ရနိုင်မလဲ ဆိုသည့် ရိုးရှင်းသော ပြဿနာတစ်ခုကို ဖြေရှင်းပေးရန် အစပြုခဲ့ကြသည်။ ခရီးစဉ်ပေါင်း သန်း ၅၀ ကျော်သွားသည့်နောက်ပိုင်းတွင် ကျွနု်ပ်တို့သည် ပိုကြီးမားသော စိန်ခေါ်မှုတစ်ခုကို ဖြေရှင်းရန် စတင်ခဲ့သည်။ ယင်းမှာ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျစေရန် နှင့် ကားအစီးရေ နည်းနည်းပေါ် လူများများကို စီးနင်းစေခြင်းဖြင့် ကျွနု်ပ်တို့ မြို့များတွင် လေထုညစ်ညမ်းမှု လျော့ပါးသွားစေရန်ဖြစ်သည်။

ထပ်မံသိရှိလိုသော အချက်အလက်များအတွက် စုံစမ်းမေးမြန်းရန်-

Helium for Grab Myanmar

Ms May Mya Thu                                  Ms Thinn Lei Yee

M: +95 9 97326 7579                           M: +959 97416 5852

E: maymyathu@helium.agency              E: thinnleiyee@helium.agency

Grab Myanmar

Ms Yin Min Tun

M: +95 9 79888 9707

E: yinmin.tun@grabtaxi.com

Uber

press@uber.com

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter