Press Centre

အရှေ့တောင်အာရှတွင် ဒစ်ဂျစ်တယ်နည်းပညာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် Grab နှင့် Samsung တို့ MOU လက်မှတ်ရေးထိုး

MOU ရေးထိုးလိုက်ခြင်းဖြင့် အရှေ့တောင်အာရှတစ်လွှားရှိ လူဦးရေ သန်းပေါင်းများစွာအထိ နည်းပညာ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခံစားနိုင်တော့မည် ဖြစ်သည်။   ပထမအဆင့်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ Grab ယာဉ်မောင်းများအတွက် နည်းပညာပစ္စည်းအသစ်များ ဝယ်ယူရန် အသေးစားချေးငွေ အစီအစဉ်များဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ Grab သုံးစွဲသူ၊ ယာဉ်မောင်းများနှင့် စီးပွားရေးမိတ်ဖက် လုပ်ငန်းများသည် Samsung ၏ စီးပွားရေး လုပ်ငန်းသုံး မိုဘိုင်းလုံခြုံရေး နည်းပညာ Knox ကို အသုံးပြုခွင့်ကို ရရှိခံစားနိုင်မည် ဖြစ်သည်။ စင်ကာပူ၊ ဖေဖော်ဝါရီလ ၈ […]

  • MOU ရေးထိုးလိုက်ခြင်းဖြင့် အရှေ့တောင်အာရှတစ်လွှားရှိ လူဦးရေ သန်းပေါင်းများစွာအထိ နည်းပညာ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခံစားနိုင်တော့မည် ဖြစ်သည်။  
  • ပထမအဆင့်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ Grab ယာဉ်မောင်းများအတွက် နည်းပညာပစ္စည်းအသစ်များ ဝယ်ယူရန် အသေးစားချေးငွေ အစီအစဉ်များဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။
  • Grab သုံးစွဲသူ၊ ယာဉ်မောင်းများနှင့် စီးပွားရေးမိတ်ဖက် လုပ်ငန်းများသည် Samsung ၏ စီးပွားရေး လုပ်ငန်းသုံး မိုဘိုင်းလုံခြုံရေး နည်းပညာ Knox ကို အသုံးပြုခွင့်ကို ရရှိခံစားနိုင်မည် ဖြစ်သည်။

စင်ကာပူ၊ ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab နှင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော Samsung Electronics တို့ ပူးပေါင်း၍ အရှေ့တောင်အာရှတစ်လွှား ဒစ်ဂျစ်တယ်နည်းပညာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်ရှည် သဘောတူညီမှုစာချုပ် MOU တစ်ခုကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ အရှေ့တောင်အာရှ နိုင်ငံများရှိ Grab မိတ်ဖက်ယာဉ်မောင်းများနှင့် သန်းပေါင်းများစွာသော မိုဘိုင်းဖုန်း သုံးစွဲသူများအတွက် ပိုမို လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်နှင့် ဝင်ငွေရရှိနိုင်သော အခွင့်အလမ်းများ တိုးပွားလာစေရန် စသည့် နည်းပညာ၏ အကျိုးကျေးဇူးများကို ခံစားနိုင်ကြစေရန် Grab နှင့် Samsung တို့ အတူတကွ ပူးပေါင်း၍ ကနဦး လုပ်ငန်းများစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Grab သည် အရှေ့တောင်အာရှ၏ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်မှု အမြန်ဆန်ဆုံး ဈေးကွက်တွင် တစ်ခုအပါအဝင်ဖြစ်သော အငှားယာဉ်ဝန်ဆောင်မှု ဈေးကွက်၏ ဦးဆောင်သူဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အရှေ့တောင်အာရှ၌ ဒေါ်လာ ၂၅ ဘီလီယံရှိ ဈေးကွက်တစ်ခု ဖြစ်လာစေရန် ရည်မှန်းထားပါသည်။ ၁ ထိုမဟာဗျူဟာမြောက် ပူးပေါင်းမှု၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် Grab နှင့် Samsung တို့က Grab ၏ မိတ်ဖက်ယာဉ်မောင်း ၂.၄ သန်းကျော်အတွက် အသေးစား ချေးငွေအစီအစဉ်များမှစပြီး ခရီးသည်များအတွက် အငှားယာဉ် ငှားရမ်းမှု၊ ကားအတွင်းပိုင်း ဝန်ဆောင်မှု တိုးတက်လာစေရေးတို့ အပါအဝင် အငှားယာဉ် ဝန်ဆောင်မှု ဈေးကွက် လိုအပ်ချက်များနှင့်အညီ အထူးသီးသန့် နည်းပညာနှင့် သယ်ယူပို့ဆောင်ရေး နည်းပညာအသစ်များကို ပူးပေါင်းဖော်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် အရှေ့တောင်အာရှရှိ ကွဲပြားပြန့်ကျဲနေသည့် မိုဘိုင်းငွေပေးချေမှု စနစ်ကြီးအတွင်း သုံးစွဲသူများအတွက် လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည့် မိုဘိုင်းငွေပေးချေမှု နည်းပညာကိုလည်း ထောက်ပံ့ပေးနိုင်ရန် တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်ပါသည်။

Grab ၏ Group CEO နှင့် Co-founder ဖြစ်သူ Anthony Tan က “ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး ဈေးကွက်တွေ ထွက်ပေါ်တဲ့ အဓိက မိခင်မြေဟာ အရှေ့တောင်အာရှပါပဲ။ ဒါပေမယ့်လည်း မြို့ရွာလေးတွေ တော်တော်များများက အခုထိ တိုးတက်နေတဲ့ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်မှာ အလွယ်တကူ မပါဝင်နိုင်ကြသေးပါဘူး။ မိုဘိုင်းနည်းပညာက ဒီလို အခြေခံလိုအပ်ချက် ကွာခြားမှုတွေကို ပေါင်းကူးပေးနိုင်ပြီး စီးပွားရေးအရလည်း ပိုပြီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ထောက်ကူပေးနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ Samsung က ကမ္ဘာ့ တီထွင်ဆန်းသစ်မှု အရှိဆုံး နည်းပညာကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အခုလို သူတို့နဲ့ ပူးပေါင်းပြီး Grab ကွန်ယက်ကြီးထဲက လူတိုင်းကို ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေ ပိုပြီးပေးနိုင်ဖို့နဲ့ အရှေ့တောင်အာရှက လူတွေကို သူတို့ရဲ့ နေထိုင်မှုဘဝတွေမှာ ပိုပြီး အဆင်ပြေ ချော့မွေ့လာစေဖို့ လုပ်ဆောင်ပေးခွင့်ရတဲ့အတွက် စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်” ဟု ပြောသည်။

အရှေ့တောင်အာရှနှင့် အိုးရှန်းနီးယားရှိ Samsung Electronics ၏ President နှင့် CEO ဖြစ်သူ Sangchul Lee က “ကျွန်တော်တို့ Samsung ဆိုတာ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေမှာ ပိုမိုအဆင်ပြေ ကောင်းမွန်လာအောင် အဓိပ္ပာယ်ပြည့်ဝတဲ့ ဆန်းသစ်တီထွင်မှုတွေ တိုးမြှင့်လုပ်ကိုင်သွားဖို့ အမြဲ ရင်ထဲမှာထည့်ထားတဲ့ အမှတ်တံဆိပ် တစ်ခုပါ။ ပြီးတော့ အင်တာနက်နဲ့ ပတ်သက်ပြီး ကမ္ဘာကြီးက ဒစ်ဂျစ်တယ်သဘောအရ တစ်ခုတည်းအဖြစ် ချိတ်ဆက်သွားပြီး အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ ယုံကြည်ထားကြပါတယ်။ Grab နဲ့ ပူးပေါင်းပြီး သူတို့လုပ်ကိုင်နေတဲ့ ဒေသတွင်းက သုံးစွဲသူတွေအတွက် နေ့စဉ် လိုအပ်နေတဲ့ ဒစ်ဂျစ်တယ် နည်းပညာ အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးနိုင်တော့မှာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်း အရမ်းကို များတဲ့ အရှေ့တောင်အာရှ ဒစ်ဂျစ်တယ် စီးပွားရေးနယ်ပယ်မှာ ကျွန်တော်တို့ ဘယ်လို အတူတကွ လုပ်ဆောင်နိုင်မယ်ဆိုတာကို လေ့လာစူးစမ်းနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

Grab လုပ်ကိုင်နေသော အရှေ့တောင်အာရှ နိုင်ငံအားလုံးတွင် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။ ပထမအဆင့်အနေဖြင့် Grab နှင့် Samsung မှ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပေးသွားပါမည်။

  • Grab ယာဉ်မောင်းများအတွက် မိုဘိုင်းပစ္စည်းများ ဝယ်ယူနိုင်မည့် အသေးစားချေးငွေ အစီအစဉ်

အရှေ့တောင်အာရှတစ်လွှားရှိ Grab မိတ်ဖက်ယာဉ်မောင်း ၂.၄ သန်းကျော် တို့သည် ပြည့်စုံကောင်းမွန်သော မိုဘိုင်းနည်းပညာ အသုံးပြုခွင့် ရရှိနိုင်ရန် ရည်ရွယ်ပြုလုပ်သည့် အသေးစား ချေးငွေအစီအစဉ်တွင် ပါဝင်နိုင်ကြမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်ဖြင့် စမတ်ဖုန်းတစ်လုံး ဝယ်ယူရာတွင် လျှော့ဈေးဖြင့်ရရှိနိုင်ပြီး နည်းပညာမြင့် ဆော့ဖ်ဝဲနှင့် လုံခြုံရေးစနစ် လုပ်ဆောင်ချက်များကို စရိတ်အနည်းငယ်ဖြင့် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ ထိုအစီအစဉ်သည် ယာဉ်မောင်းများအတွက် ကုန်ကျစရိတ် အနည်းငယ်ဖြင့် ပိုမို ကောင်းမွန်သည့် အကျိုးကျေးဇူးများ ခံစားရစေရန် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် Grab ၏ Better 365 အစီအစဉ်မှ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။

ယခု ကနဦး လုပ်ဆောင်ချက်ကို အရွယ်ရောက်ပြီးသူများအတွင်း ပုံမှန် ငွေကြေးစီမံခန့်ခွဲခြင်း ဝန်ဆောင်မှု အသုံးပြုနိုင်သူ ၃၀% သာ ရှိသော မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် စတုတ္တလေးလပတ်မှ စတင် စမ်းသပ်လုပ်ကိုင်ခဲ့ပြီး မကြာမီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်ရှိတွင် Grab နှင့် လက်တွဲလုပ်ကိုင်နေသည့် မြန်မာနိုင်ငံမှ ယာဉ်မောင်းများအတွက် Samsung မှ အရည်အသွေးမြင့် ပစ္စည်းများကို ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် Grab ၏ ပြည်တွင်းမိတ်ဖက် CB ဘဏ်တွင် အသေးစား ချေးငွေရယူနိုင်ပြီ ဖြစ်ပါသည်။ စမ်းသပ်လုပ်ဆောင်ချိန် သုံးလ မတိုင်မီ မြန်မာနိုင်ငံမှ ယာဉ်မောင်း ၁,၄၀၀ ကျော်တို့သည် ယခု အစီအစဉ်မှတဆင့် အကျိုးကျေးဇူးများ ရရှိခဲ့ပြီး ဖြစ်သည်။

  • GrabKiosks နှင့် GrabBooths များဖြင့် ခရီးသည်များ ကားငှားရ ပိုမို လွယ်ကူ အဆင်ပြေစေမည့် အစီအစဉ်

အရှေ့တောင်အာရှနိုင်ငံများရှိ Grab အသုံးပြုသူများနှင့် နေ့စဉ် သွားလာနေရသူများ Grab ဝန်ဆောင်မှုကို ပိုမို လွယ်ကူစွာ ရရှိနိုင်ရန်အတွက် Grab မှ ဈေးဝယ်စင်တာ၊ ဟိုတယ်နှင့် လေဆိပ် အစရှိသော လူသွားလူလာ များပြားသည့် နေရာများတွင် GrabKiosks နှင့် GrabBooths တို့ကို နေရာအနှံ့ ထားရှိနိုင်ရန် မိတ်ဆက်ပေးသွားမည် ဖြစ်သည်။ စီးပွားရေး လုပ်ငန်းသုံး Grab app ကြိုတင်ထည့်သွင်းထားသော Samsung ပစ္စည်းများဖြင့် မိမိကိုယ်တိုင် ကားငှားရမ်းရန် အသုံးပြုလိုသည်ဖြစ်စေ၊ GrabKiosks နှင့် GrabBooths များရှိ ဝန်ထမ်းများ အကူအညီဖြင့် ကားငှားရမ်းလိုသည်ဖြစ်စေ အင်တာနက် ချိတ်ဆက်ထားခြင်း မရှိသည့်တိုင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Samsung ပစ္စည်းများသည် နေ့စဉ် အများပြည်သူသုံး နေရာများတွင် ထားရှိအသုံးပြုနိုင်ရန်အတွက် အကြမ်းခံအောင် ထုတ်လုပ်ထားပါသည်။ အင်ဒိုနီးရှားနိုင်ငံရှိ GrabKiosks နှင့် မြန်မာနိုင်ငံရှိ GrabBooths များတွင် သုံးစွဲသည့် ဆက်သွယ်ရေးပစ္စည်းများတွင် Samsung ၏ စီးပွားရေး လုပ်ငန်းသုံး မိုဘိုင်းလုံခြုံရေး ဆော့ဖ်ဝဲ Knox ကို ထည့်သွင်းပေးထားပြီး ဖြစ်ပါသည်။ အဆိုပါ Knox နည်းပညာသည် Grab ယာဉ်မောင်းများ အသုံးပြုသော နည်းပညာပစ္စည်းများအတွက် သတင်းအချက်အလက် လုံခြုံရေး စိတ်ချနိုင်ရန်၊ ခရီးသည်များကို ပိုမို ကောင်းမွန်သော ဝန်ဆောင်မှု ပေးအပ်နိုင်ရန်နှင့် စက်ကြန့်ကြာချိန် နည်းပါးပြီး ပြင်ဆင်စရိတ် လျှော့ချပေးနိုင်ရန် လုပ်ဆောင်ပေးပါသည်။ အဆိုပါ ဝန်ဆောင်မှုကို ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတွင် ပထမလေးလပတ်အတွင်း စတင် မိတ်ဆက်ပေးမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ အခြားနိုင်ငံများတွင် ယခုနှစ် နှောင်းပိုင်းအတွင်း နောက်ဆုံးထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

  • အထူးရွေးချယ်ထားသော ကားများအတွက် သတင်းအချက်အလက် ဖျော်ဖြေရေး ဝန်ဆောင်မှု အစီအစဉ်

စင်ကာပူနိုင်ငံတွင် Grab နှင့် သတင်းအချက်အလက်၊ ဖျော်ဖြေရေးဆိုင်ရာ မိတ်ဖက်လုပ်ငန်းများ ပူးပေါင်း၍ ကားတွင်း ဖျော်ဖြေရေး ဝန်ဆောင်မှုမျိုးစုံကို စတင် လုပ်ကိုင်သွားမည် ဖြစ်သည်။ ခရီးသည်များ စီးနင်းနေချိန်အတွင်း ကားအတွင်း တပ်ဆင်ပေးထားသည့် Samsung tablet များဖြင့် မိမိနှစ်သက်ရာ ဖျော်ဖြေရေးလိုင်းများကို ရွေးချယ် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုကို အရှေ့တောင်အာရှနိုင်ငံများတွင် ယခုနှစ်အတွင်း စတင် စမ်းသပ်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Grab သည် အရှေ့တောင်အာရှဒေသတွင်း အကြီးမားဆုံး သယ်ယူပို့ဆောင်ရေး ကွန်ယက်တစ်ခုဖြစ်ပြီး နေ့စဉ် ငှားရမ်းစီးနင်းမှုပေါင်း ၃.၅ သန်းကျော်ရှိရာ မိုဘိုင်းဖုန်း အသုံးပြုမှု အများဆုံး ကွန်ယက်ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ Grab အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဒ်ဆွဲထားပြီးသော မိုဘိုင်းဖုန်းပေါင်း ၈၁ သန်းကျော် ရှိနေပြီဖြစ်ပြီး မိတ်ဖက်အငှားယာဉ်မောင်းပေါင်း ၂.၄ သန်းကျော်ဖြင့် ဖွဲ့စည်းထားသည့် ဒေသတွင်း အကြီးမားဆုံးသော ကုန်းလမ်း ပို့ဆောင်ရေးလုပ်ငန်းဖြစ်ရာ ခရီးသည်များအနေဖြင့် အလွယ်တကူ ချိတ်ဆက်ငှားရမ်းနိုင်မည် ဖြစ်သည်။  ယခုအခါ Grab သည် ကိုယ်ပိုင်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အငှားယာဉ်နှင့် ကြို/ပို့ကား ဝန်ဆောင်မှုလုပ်ငန်းများကို အရှေ့တောင်အာရှဒေသတွင်း နိုင်ငံပေါင်း ၈ နိုင်ငံရှိ မြို့ပေါင်း ၁၇၈ မြို့တွင် လုပ်ကိုင်လျက်ရှိပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter