Press Centre

Grab ၏ သုံးဘီးအငှားယာဉ် ဝန်ဆောင်မှု GrabThoneBane အား ပုဂံမြို့တွင် တိုးချဲ့ပြေးဆွဲ

အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က ပြည်တွင်းပြည်ပ ခရီးသွားများ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ရှေးဟောင်းမြို့တော် ပုဂံမြို့တွင် ၎င်း၏ သုံးဘီး အငှားယာဉ်ဝန်ဆောင်မှုဖြစ်သည့် GrabThoneBane စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါသည်။

  • ရန်ကုန်နှင့် မန္တလေးမြို့တွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် Grab ဝန်ဆောင်မှု အသုံးပြုနိုင်သော မြန်မာနိုင်ငံ၏ တတိယမြောက်မြို့အဖြစ် မိတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။
  • GrabThoneBane သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် ပိုမို စိတ်ချလုံခြုံစွာဖြင့် ဒေသခံတစ်ယောက်နှင့်အတူ မြို့ခံတစ်ယောက်ကဲ့သို့ ပုဂံမြို့တွင် ပျော်ရွှင်စိတ်လှုပ်ရှားစွာ လည်ပတ်နိုင်ရန် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။
  • GrabThoneBane ကို အောက်တိုဘာလ ၁၅ ရက်နေ့က သုံးဘီးယာဉ် အစီးရေ ၃၀ ဖြင့် စတင်စမ်းသပ်ပြေးဆွဲခဲ့ပြီး ဒေသခံများအတွက် ဝင်ငွေပိုမို ရှာဖွေနိုင်မည့် အခွင့်အလမ်းများ ဆက်လက် ဖန်တီးပေးသွားမည် ဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ၊ နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က ပြည်တွင်းပြည်ပ ခရီးသွားများ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ရှေးဟောင်းမြို့တော် ပုဂံမြို့တွင် ၎င်း၏ သုံးဘီး အငှားယာဉ်ဝန်ဆောင်မှုဖြစ်သည့် GrabThoneBane စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ပုဂံမြို့သည် Grab ဝန်ဆောင်မှု ရရှိနိုင်သော မြန်မာနိုင်ငံ၏ တတိယမြောက်မြို့ဖြစ်ပြီး GrabThoneBane ဝန်ဆောင်မှုရရှိနိုင်သော ဒုတိယမြောက်မြို့ ဖြစ်ပါသည်။ စုံတွဲများနှင့် မိသားစုဝင် အနည်းငယ် ပါဝင်သည့် ခရီးသွားဧည့်သည်များအတွက် ရည်ရွယ်သည့် GrabThoneBane ဝန်ဆောင်မှုဖြင့် ပိုမို စိတ်ချလုံခြုံစွာ ဒေသခံတစ်ယောက်နှင့်အတူ မြို့ခံတစ်ယောက်ကဲ့သို့ ပုဂံမြို့တွင် ပျော်ရွှင်စိတ်လှုပ်ရှားစွာ လည်ပတ်နိုင်ပြီ ဖြစ်ပါသည်။

ပုဂံမြို့သည် ပထမ မြန်မာနိုင်ငံတော်၏ နန်းတည်ရာမြို့တော်ဖြစ်ပြီး ၁၁ ရာစုမှ ၁၃ ရာစုအထိ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသော ဘုရားစေတီပေါင်း ၂,၀၀၀ ကျော် ရှိသောကြောင့် အရှေ့တောင်အာရှအတွင်း ရှေးဟောင်းသမိုင်းဝင်လက်ရာ အကြွယ်ဝဆုံးနေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများနှင့်မတူဘဲ မိုးနည်းသော အရပ်ဒေသဖြစ်သောကြောင့် ပုဂံမြို့သို့ တစ်နှစ်ပတ်လုံး သွားရောက်လည်ပတ်နိုင်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပုဂံသို့ လာရောက်လည်ပတ်သူဦးရေမှာ နှစ်စဉ် တိုးတက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် ပုဂံသို့ လာရောက် လည်ပတ်သူဦးရေ ၂၉၀,၀၀၀ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

GrabThoneBane ဝန်ဆောင်မှုကို မကြာသေးမီက ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သော မန္တလေးမြို့၌ စတင်မိတ်ဆက်ခဲ့ပြီးနောက် ယခုအခါ ပုဂံမြို့တွင် တိုးချဲ့ မိတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ မန္တလေးမြို့တွင် နေ့စဉ်သွားလာနေသော ခရီးသည်များအတွင်း GrabThoneBane ဝန်ဆောင်မှု အသုံးပြုသူ တိုးပွားလာသည့်နည်းတူ ပုဂံမြို့တွင် သုံးဘီးယာဉ် အစီးရေ ၃၀ ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်ခဲ့သော GrabThoneBane စမ်းသပ်ပြေးဆွဲခြင်းကာလတွင်လည်း ငှားရမ်းစီးနင်းမှုများမှာ ပုံမှန် တိုးပွားလာခဲ့ပါသည်။ ယနေ့အထိ ပုဂံမြို့တွင် ခရီးသည်များမှ ငှားရမ်းစီးနင်းမှု ခရီးစဉ်ပေါင်း ၁၅၀ ခန့်ရှိနေပြီ ဖြစ်သောကြောင့် Grab အနေဖြင့် ယာဉ်မောင်းအသစ်များအား လေ့ကျင့်သင်ကြားပေးခြင်း၊ မြို့တွင်း သွားလာနိုင်မည့် သုံးဘီးယာဉ် အစီးရေ ထပ်မံတိုးချဲ့ခြင်းများကို လုပ်ဆောင်လျက် ရှိပါသည်။

Grab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh က “ပုဂံမြို့မှာ ကျွန်တော်တို့ရဲ့ GrabThoneBane ကို မိတ်ဆက်ရတဲ့ အဓိကအကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ပထမအချက်က ပုဂံမှာ တိုးပွားလာတဲ့ ခရီးသွား ဧည့်သည်တွေအတွက် လုံခြုံစိတ်ချရပြီး ဈေးနှုန်းသင့်တင့်တဲ့၊ ကိုယ်သွားချင်တဲ့ ခရီးစဉ်အတိုင်း စိတ်ကြိုက်ငှားလို့ရပြီး ယာဉ်မောင်းနဲ့ အပြန်အလှန်စကားပြောဆိုရင်း ပျော်ပျော်ရွှင်ရွှင်သွားလာ နိုင်တဲ့ သယ်ယူပို့ဆောင်ရေး ပုံစံအသစ်တစ်ခုကို GrabThoneBane က ဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒုတိယအချက်ကတော့ ပုဂံကို လာရောက်သူ ခရီးသွားတွေရဲ့ လိုအပ်ချက်ကို သေသေချာချာ လေ့လာပြီးမှ ကျွန်တော်တို့ရဲ့ GrabThoneBane ဝန်ဆောင်မှုကို အဲဒီအရပ်ဒေသနဲ့ ကိုက်ညီမှုရှိအောင် ဖန်တီးပေးခဲ့တာပါ။ ကျွန်တော်တို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေကိုလည်း ‘ငှားရမ်းစီးနင်းဖို့ အကောင်းဆုံး ဒေသခံကျွမ်းကျင်သူတွေ’ အဖြစ် ဝန်ဆောင်မှုပေးနိုင်အောင် လေ့ကျင့် သင်ကြားထားလို့ ခရီးသွားဧည့်သည်တွေ အနေနဲ့ ဒေသခံတစ်ဦးနဲ့အတူ ခရီးသွားနေရသလိုမျိုး စိတ်အေးချမ်းသာ သွားလာနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

“တတိယအချက်ကတော့ ပုဂံမြို့ရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ပံ့ပိုးဆောင်ရွက်နိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒေသခံ ယာဉ်မောင်းတွေအတွက် သူတို့ရဲ့ ဝန်ဆောင်မှုကို တိုးချဲ့ပေးပြီး ခရီးသည်များများရအောင် ကူညီချိတ်ဆက်ပေးရင်း ဝင်ငွေပိုပြီးရှာဖွေနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးနေပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေကို ပုဂံရဲ့ ကြွယ်ဝလှတဲ့ ရှေးဟောင်း သမိုင်းဝင်လက်ရာတွေကို လာရောက်လေ့လာ ကြည့်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။ အနာဂတ်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ခရီးသွားကုမ္ပဏီတွေ၊ ဒေသတွင်း အထင်ကရ နေရာတွေနဲ့ ထူးခြားတဲ့ အစီအစဉ်တွေရှိတဲ့ နေရာတွေအပါအဝင် ဟိုတယ်နှင့် ခရီးသွားလာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မျိုးစုံကို ဖန်တီးပုံဖော်သွားမှာပါ” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

ပုဂံမြို့တွင် GrabThoneBane ငှားရမ်းစီးနင်းပုံ

ပုဂံမြို့တွင် GrabThoneBane တစ်စီး ငှားရမ်းရမည့်ပုံစံမှာ မြန်မာနိုင်ငံရှိ အခြားသောမြို့များတွင် Grab အက်ပလီကေးရှင်း အသုံးပြု၍ ငှားရမ်းရသည့်ပုံစံနှင့် မတူညီပါ။ ခရီးစဉ်တစ်ခုကို အချိန်တိုအတွင်း သွားလာနိုင်ရန် Grab မိုဘိုင်း အက်ပလီကေးရှင်း အသုံးပြုရမည့်အစား ပုဂံမြို့ရှိ ခရီးသည်များမှာ Grab Call Centre သို့ “GrabThoneBane တစ်စီး ငှားရမ်းလိုကြောင်း” ဖုန်းခေါ်ဆိုကာ နာရီအလိုက် (သို့မဟုတ်) လေဆိပ်၊ ကားဂိတ်၊ ရထားဘူတာနှင့် သဘောၤဆိပ်များသို့ အကြို၊ အပို့ လမ်းကြောင်းအလိုက် သတ်မှတ်ထားသည့် ပုံသေဈေးနှုန်း အမျိုးမျိုးကို စုံစမ်းမေးမြန်းပြီး ငှားရမ်းနိုင်မည် ဖြစ်ပါသည်။

ငှားရမ်းနိုင်မည့် ပုံစံများ အသုံးပြုပုံ နောက်ဆုံးထား ငှားရမ်းရမည့်အချိန် ဈေးနှုန်းများ (မြန်မာကျပ်)
(၂) နာရီ ညစာ၊ နေ့လယ်စာ၊ နေထွက်ချိန်၊ နေဝင်ဆည်းဆာကြည့်ရန် ည (၈) နာရီ ၁၀,၀၀၀
(၄) နာရီ မြို့ပတ်လည် ရှုမျှော်ခင်းကြည့်ရန် ညနေ (၆) နာရီ ၁၅,၀၀၀
(၈) နာရီ မြို့ပတ်လည် ရှုမျှော်ခင်းကြည့်ရန် နေ့လယ် (၂) နာရီ ၂၅,၀၀၀
လေဆိပ်၊ ကားဂိတ်၊ ရထားဘူတာ၊ သဘောၤဆိပ် ခရီးစဉ်တစ်ကြောင်း ည (၈) နာရီ ၅,၀၀၀

ခရီးသည်များအနေဖြင့် GrabThoneBane တစ်စီး ငှားရမ်းအသုံးပြုရန် Grab Call Centre ဖုန်းနံပါတ်များ ဖြစ်သော +၉၅၉-၇၅၀-၁၀-၈၇၃၄ (သို့မဟုတ်) +၉၅၉-၇၅၀-၁၀-၈၇၃၅ သို့ ဖုန်းခေါ်ဆိုနိုင်ပြီး မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးအား ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့် သုံးစွဲသူဝန်ဆောင်မှု အဖွဲ့သားများက ယာဉ်မောင်းနှင့် ချိတ်ဆက်ငှားရမ်းစီစဉ်ပေးနိုင်ရန် အသင့်ရှိနေမည် ဖြစ်ပါသည်။

ငှားရမ်းရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် GrabThoneBane တစ်စီး ငှားမည်ဆိုပါက တစ်နာရီ ကြိုတင် ခေါ်ဆိုနိုင်ပြီး နံနက်ခင်းနှင့် နေ့လယ်ခင်းချိန်များတွင် ရှုမျှော်ခင်း ကြည့်ရန် ခရီးစဉ်များ စီစဉ်ထားပါက မတိုင်ခင် တစ်ရက် ကြိုတင်ခေါ်ဆိုပေးပါရန် ခရီးသည်များအား မေတ္တာရပ်ခံ တိုက်တွန်းထားပါသည်။ GrabThoneBane ဖြင့် သွားလာမည့် ခရီးစဉ် တစ်ကြောင်းလျှင် ခရီးသည်နှစ်ဦးနှင့် ခရီးဆောင်အိတ် နှစ်အိတ်အထိ သယ်ဆောင် သွားလာနိုင်ပါသည်။

ခရီးသည်များအနေဖြင့် GrabThoneBane အငှားယာဉ်တိုင်းတွင် ပြသထားမည့် ယာဉ်မောင်း၏ အချက်အလက် ကတ်ပြားကို ကြည့်ရှုလေ့လာ၍ ခရီးသွားလာနေစဉ် အချိန်အတွင်း Grab မိတ်ဖက်ယာဉ်မောင်းနှင့် စကားစမြည် ပြောဆိုနိုင်ပါသည်။ Grab မိတ်ဖက်ယာဉ်မောင်းများမှာ ကျွမ်းကျင်ဧည့်လမ်းညွှန်များ မဟုတ်သည့်တိုင် ပုဂံမြို့ရှိ သမိုင်းဝင်နေရာများအကြောင်းနှင့် ရာသီအလိုက် ထုံးတမ်းစဉ်လာအရ ကျင်းပသည့် ပွဲတော်များအကြောင်း ဗဟုသုတများ အတော်အသင့် သိရှိထားပြီး ဖြစ်ကြပါသည်။ ယာဉ်မောင်း၏ အချက်အလက် ကတ်ပြားတွင် ပုဂံမြို့နှင့်ပတ်သက်သော အကြောင်းအရာ ခေါင်းစဉ်အချို့ကို ဖော်ပြထားမည်ဖြစ်ပြီး အဆိုပါ ခေါင်းစဉ်များမှာ ယာဉ်မောင်းမှ ခရီးသည်အား ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားနိုင်မည့် ဗဟုသုတ အကြောင်းအရာများ ဖြစ်ပါသည်။ ထို့အပြင် ခရီးသည်များ ရှုမျှော်ခင်းကြည့်ရန် ခရီးစဉ်များတွင် အထောက်အကူပြုနိုင်မည့် Grab မှ ဖန်တီးရေးဆွဲထားသည့် အိတ်ဆောင်မြေပုံတစ်ခုကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။

ခရီးသည်များအနေဖြင့် စီးနင်းနေချိန်အတွင်း Grab ထံမှ လိုအပ်သောအကူအညီများ ထပ်မံရယူနိုင်ရန် Grab ၏ Customer Care Centre ဖုန်းနံပါတ် +၉၅-၁-၂၃၉-၉၉၀၀ သို့ ဆက်သွယ်နိုင်ပါသည်။

ပုဂံသို့ မကြာသေးခင်ကမှ သွားရောက်လည်ပတ်ခဲ့ပြီး GrabThoneBane ဝန်ဆောင်မှု ငှားရမ်းအသုံးပြုခဲ့သူ ဗီယက်နမ်နိုင်ငံသား Phuc To က “ ခရီးဘယ်လောက်တိုတို GrabThoneBane က သွားရေး လာရေးအတွက် အဆင်ပြေအောင် ဆန်းသစ်ထားတဲ့ ဝန်ဆောင်မှုတစ်ခုလို့ မြင်ပါတယ်။ ပုဂံမြို့မှာ ကားတစ်စီးငှားဖို့ မလွယ်ကူသလို ပုံမှန်ဈေးနှုန်း ဟုတ်၊ မဟုတ် ဆိုတာလည်း မသိနိုင်ဘူးလေ။ GrabThoneBane ကတော့ စိတ်ချရပြီး လိုအပ်တဲ့ အချိန်တိုင်း ငှားလို့ရတယ်။ ကျသင့်ငွေကိုလည်းကြိုသိနိုင်ပြီး ဒေသခံ ယာဉ်မောင်းကလည်း ကိုယ့်နဲ့ အတူရှိနေလို့ အဆင်ပြေပါတယ်” ဟု ပြောသည်။

  

‘I Love Travelling’ ဆိုရှယ်မီဒီယာဘလော့(ဂ်) တည်ထောင်သူ၊ နာမည်ကြီး ပြည်တွင်း Travel Blogger တစ်ဦး ဖြစ်သူ မမေဇွန်ဝင်းက “ဒီနေ့ခေတ်မှာ ခရီးသွားတဲ့သူတွေများလာပြီး ပြည်တွင်းမှာရှိတဲ့ နေရာဒေသ အသစ်တွေ ဆီကို ပိုပြီး လှည့်လည်သွားလာချင်လာကြတာ တွေ့ရပါတယ်။ GrabThoneBane က မြို့တွင်းမှာရှိတဲ့ ထူးခြား တဲ့နေရာတွေ ဒါမှမဟုတ် လူသွားလူလာနည်းတဲ့ နေရာတွေကို သွားရောက်စူးစမ်းလေ့လာနိုင်ပါတယ်။ ပြီးတော့ လေ့ကျင့်ပေးထားတဲ့ ဒေသခံ Grab ယာဉ်မောင်းတစ်ဦး ကိုယ်နဲ့အတူရှိနေတဲ့အတွက် ဘယ်လမ်းက သွားမလဲဆိုတာ ကိုယ်ကိုယ်တိုင် ရှာရမယ့် အချိန်နည်းသွားပြီး အေးအေးဆေးဆေး သွားလို့ရတာပေါ့” ဟု ဆိုသည်။

“ပုဂံမှာ GrabThoneBane စတင်ငှားရမ်းနိုင်တဲ့အကြောင်း မိတ်ဆက်တဲ့ Grab ရဲ့ အခမ်းအနားမှာ အခုလို တက်ရောက်ပံ့ပိုးပေးခွင့်ရလို့ ဝမ်းသာပါတယ်။ အခုဆိုရင် ပုဂံမှာ သက်သောင့်သက်သာ သွားလာပြီး သဘာဝ အလှအပနဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကြားမှာ စီးမျောခံစားနိုင်တဲ့ ရှုမျှော်ခင်းကြည့် ခရီးစဉ်တွေက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေကို ပိုပြီး ဆွဲဆောင်နိုင်လာပါတယ်။ ဒါ့အပြင် Grab က ပုဂံမြို့ခံတွေ အတွက် ဝင်ငွေပိုပြီးရှာနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်လို့ ပုဂံမြို့ရဲ့ လူနေမှုအသိုင်းအဝန်းနဲ့ စီးပွားရေး ကဏ္ဍမှာလည်း အကျိုးရလဒ်ကောင်းတွေ ရနိုင်မှာပါ။ ယာဉ်မောင်းတွေအတွက် သင်တန်းတွေပေးဖို့၊ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ မိတ်ဖက်လုပ်ငန်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အစရှိတဲ့ အစီအစဉ်တွေ မှာလည်း Grab နဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားဖို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Myanmar Responsible Tourism Institute (MRTI) မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရီပေါအာဝါး က ပြောသည်။

ပုဂံမြို့တွင် မိတ်ဖက်ယာဉ်မောင်းအဖြစ် စာရင်းပေးသွင်းခြင်း

ပုဂံမြို့တွင် Grab နှင့် လက်တွဲလုပ်ကိုင်ရန် စိတ်ပါဝင်စားသော သုံးဘီးမော်တော်ယာဉ် ယာဉ်မောင်းများအနေဖြင့် စတင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။ GrabThonBane မိတ်ဖက်ယာဉ်မောင်းအဖြစ် စာရင်းပေးသွင်းခြင်း ဖြင့် ဝင်ငွေပိုမို ရှာဖွေနိုင်သော အခွင့်အလမ်းများ၊ ယာဉ်မောင်းအဖွဲ့အစည်း ကူညီထောက်ပံ့မှုစနစ် အပါအဝင် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများနှင့် အခမဲ့ တစ်ကိုယ်ရေ ထိခိုက်မှုအာမခံ စသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

စာရင်းပေးသွင်းလိုပါက Grab ရုံး ဖုန်းနံပါတ် +၉၅၁-၂၃၉-၉၉၀၀ နှင့် Grab ၏ ကိုယ်စားလှယ်များထံတွင် လိုအပ်သည့် အချက်အလက်များကို မေးမြန်းစုံစမ်းနိုင်ပါသည်။ Grab တွင် စာရင်းပေးသွင်းရန်အတွက် သုံးဘီးယာဉ်မောင်းများသည် အောက်ပါအထောက်အထားများကို ပူးတွဲတင်ပြပေးရန် လိုအပ်ပါသည်။

o အမျိုးသားမှတ်ပုံတင်အမှတ်

o ယာဉ်မောင်းလိုင်စင်

o နောက်ဆုံးရရှိထားသည့် ဝှီးတက်

o လုပ်ငန်းလိုင်စင်

o ဘဏ်အကောင့် အချက်အလက်များ (CB ဘဏ်အကောင့်)

ပုဂံမြို့တွင် GrabThoneBane စမ်းသပ်ပြေးဆွဲခြင်းကာလမှ စတင်၍ မောင်းနှင်ခဲ့သော မိတ်ဖက်ယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုအောင်မြင့်မြတ်က “ခရီးသွားတွေအတွက်တော့ Grab က ထူးခြားပြီး ပျော်စရာကောင်းတဲ့ ပုံစံအသစ် တစ်ခုပေါ့။ ပုဂံကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စက်ဘီးတစ်စီးငှားပြီး လျှောက်လည်တဲ့ ခရီးစဉ်ထက်စာရင် ဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာရှိရှိ မပင်ပန်းဘဲ သွားလာနိုင်ပါတယ်။ ပြီးတော့ GrabThoneBane က ခရီးသည်တွေအတွက် လေဆိပ်၊ ကားဂိတ်၊ ရထားဘူတာနဲ့ သဘောၤဆိပ်တွေကနေ ဟိုတယ်ကို အကြို/အပို့ လုပ်ပေးနိုင်တဲ့ ဝန်ဆောင်မှုလည်း ဖြစ်တယ်။ ပုဂံမြို့ရဲ့ သာယာလှပတဲ့ ရှုခင်းတွေကို ခံစားကြည့်ရှုဖို့ မစောင့်နိုင်တော့ဘူးဆိုရင်တော့ GrabThoneBane ကို သုံးပြီး ကျွန်တော်တို့နဲ့ ချိတ်ဆက်လိုက်ပါ ခင်ဗျာ” ဟု ဆိုသည်။

ပုဂံမြို့ရောက် ခရီးသည်များမှာ GrabThoneBane ဖြင့် စိတ်အေးချမ်းသာစွာ လှည့်လည်သွားလာနိုင်မည် ဖြစ်ပါ သည်။ ပုဂံမြို့တွင် GrabThoneBane ခရီးစဉ်တစ်ခုအတွင်း မမျှော်လင့်ထားသော မတော်တဆ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားပါက Grab ၏ အရှေ့တောင်အာရှ ဒေသတွင်း အာမခံ ပေါ်လစီအရ ယာဉ်မောင်းနှင့် ခရီးသည်များအတွက် လျော်ကြေးငွေ ပေးအပ်သွားမည် ဖြစ်ပါသည်။

ခရီးသွားစာစောင်များတွင် ဝေဝေဆာဆာ ရေးသားဖော်ပြမှုများကြောင့် ပုဂံမြို့သည် ခရီးသွားများ၏ စိတ်ဝင်စားမှု တစ်ရှိန်ထိုး တိုးတက်လာသည့် နေရာတစ်ခု ဖြစ်ပါသည်။ ပုဂံ၏ ရှေးဟောင်းအနုပညာ လက်ရာများနှင့် ကျောက်စာများသည် ခရီးသွားဧည့်သည်များအတွက် အဓိက ဆွဲဆောင်မှုဖြစ်ပြီး ပုဂံသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်ရန်အတွက် လျာထားခြင်းခံရသောနေရာများတွင် တစ်ခုအပါအဝင်လည်း ဖြစ်ပါသည်။

ပုဂံရှိ ရှေးဟောင်းသမိုင်းဝင်နေရာများတွင် တည်ရှိသော ဘုရားစေတီ၊ ကျောက်စာများကို ဒေသခံများမှ အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက်ထားပြီး နိုင်ငံတကာမှ ဘုရားဖူးဧည့်သည်များ၊ ပူဇော်ကန်တော့သူများအား စည်ကားသည့် ပွဲတော်ရာသီချိန်များတွင် လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက် ရှိပါသည်။ နှစ်ပေါင်း ၁,၅၀၀ ကျော်ခဲ့ပြီဖြစ်သော သမိုင်းကြောင်းအစဉ်အလာ၊ လှပသည့် ရိုးရာ အနုပညာလက်ရာများ၊ ယွန်းထည်၊ ကြိမ်ထည်၊ သဲပန်းချီ၊ သစ်သားပန်းပုနှင့် ကြေးထည်များ အပါအဝင် ရက်ကန်းထည် အစရှိသည့် လက်မှုပစ္စည်း များကြောင့် ပုဂံသည် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက် လည်ပတ်လျက်ရှိကြသည့် နေရာတစ်ခု ဖြစ်ပါသည်။

ပုဂံမြို့တွင် GrabThoneBane ဝန်ဆောင်မှု စတင်ပြေးဆွဲခြင်း အထိမ်းအမှတ်အဖြစ် Grab မှ ခရီးသည်များ အတွက် နာမည်ကျော် အပျော်စီး မိုးပျံပူဖောင်း အခမဲ့ စီးနင်းခွင့် လက်မှတ်များရရှိနိုင်မည့် ကံစမ်းမဲအစီအစဉ်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ထိုအစီအစဉ်အကြောင်းနှင့် Grab Myanmar အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက www.grab.com နှင့် www.facebook.com/GrabMM တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter