Grab Myanmar က ရန်ကုန်မြို့အိမ်ထောင်စုများအတွက် စားသောက်ကုန်အမျိုးမျိုးအား အိမ်အရောက်ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုအသစ် GrabMart ကို စတင်မိတ်ဆက်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၁၇ ရက် – အရှေ့တောင်အာရှ၏ထိပ်တန်း နေ့စဉ်သုံး app တစ်ခုဖြစ်သော Grab က  နေ့စဉ်မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည့် စားသောက်ကုန်များအား အိမ်အရောက် ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုအသစ် GrabMart ကို စတင်မိတ်ဆက်လိုက်သည်။ GrabMart တွင် စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေး နှင့် အလှအပရေးရာ အသုံးအဆောင်များ နှင့် လက်ဆောင်ပစ္စည်းများကို Grab App အသုံးပြု၍ ရန်ကုန်မြို့ရှိ ရာပေါင်းများစွာသော ဆိုင်များမှ အဆင်ပြေလွယ်ကူစွာ တိုက်ရိုက် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ GrabMart မှ မှာယူမှုတစ်ခုစီတိုင်းကို တစ်နာရီအတွင်း အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ မိမိတို့၏ အမှာအော်ဒါ လက်ခံပို့ဆောင်မှုအဆင့်ဆင့်ကို  ဝယ်ယူသည့် နေရာမှ လက်ဝယ်ရသည်အထိ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်မည် ဖြစ်သည်။

နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါအား ဟန့်တားကာကွယ်နေချိန်တွင် ပြည်သူများ ပိုမို အားထားအသုံးပြုလာကြသည့် အိမ်အရောက်ပို့ဆောင်ခြင်း ဝန်ဆောင်မှုကို အချိန်ကိုက် ပံ့ပိုးပေးရန်ရည်ရွယ်ပြီး GrabMart ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ Grab ၏ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှု ဖြစ်သော GrabFood က ပြည်သူထောင်ပေါင်းများစွာအတွက် နေ့စဉ် အစားအသောက်များ အိမ်အရောက်ပို့ဆောင်ကာ ဝန်ဆောင်မှုပေးလျက်ရှိသကဲ့သို့ GrabMart တွင်လည်း သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ရုံးခန်းနှင့် အိမ်များအတွက်၊ သို့မဟုတ် ချစ်ခင်ရသူများအတွက် နေ့စဉ်မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်များကို လွယ်လင့်တကူ မှာယူနိုင်ပြီ ဖြစ်သည်။

“COVID-19 ကြောင့် ရန်ကုန်မှာ အိမ်အရောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှုတွေ အသုံးပြုမှုက ပိုပြီးများလာတဲ့ အပြင် ပြည်သူတွေအနေနဲ့လည်း ဒီလိုအိမ်အရောက်မှာယူရတဲ့ ဝန်ဆောင်မှုတွေနဲ့ ပိုမြန်မြန် အသားကျလာ ကြတာကြောင့် Grab အနေနဲ့ ရှိပြီးသားနည်းပညာတွေ၊ အိမ်အရောက်ပို့ဆောင်မှုကွန်ရက် နဲ့ လုပ်ငန်း ဆောင်ရွက်မှု လမ်းကြောင်းတွေကို အဆင့်မြှင့်တင်ပြီး GrabMart ကို မိတ်ဆက်ဖို့ ဖြစ်လာခဲ့တာပါ။ COVID-19 အလွန်ကာလ  ပုံမှန်အခြေအနေကို ပြန်ရောက်လာရင်တောင် အိမ်အရောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှု လိုအပ်ချက်က ဆက်ပြီး မြင့်တက်နေဦးမယ်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်။ ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေရဲ့ ဈေးဝယ်ဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင်၊ ကျွန်မတို့ရဲ့ ပို့ဆောင်ရေး မိတ်ဖက်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးဖန်တီးပေးနိုင်အောင် နဲ့ လူသုံးကုန်ပစ္စည်းရောင်းချတဲ့ မိတ်ဖက်လုပ်ငန်း စတိုးဆိုင်တွေအတွက် အရောင်းမြှင့်တင်ပေးနိုင်အောင် GrabMart ဝန်ဆောင်မှုကို ချဲ့ထွင်ဖို့ အရင်ထက် နှစ်ဆ ကြိုးစားအားထုတ်သွားမှာပါ ” ဟု Grab Myanmar မှ Country Head ဖြစ်သူ Cindy Toh က ပြောကြားခဲ့သည်။

GrabMart ၏ မိတ်ဖက်လုပ်ငန်းစတိုးဆိုင်များစာရင်းတွင် ရပ်ကွက်တွင်း မီနီမတ်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ထုပ်ပိုးပြီး လူသုံးကုန်ပစ္စည်းများ နှင့် ကုန်စိမ်းရောင်းချသူ မိတ်ဖက်များ ပါဝင်ပါသည်။

GrabMart တွင်းရှိ “Essentials” ဆိုင်သည် မြန်မာနိုင်ငံတွင်း စတိုးဆိုင်ခွဲအများဆုံးနှင့် ဦးဆောင်နေသည့် G&G နှင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအရ ရန်ကုန်မြို့ရှိ  မြို့နယ်ပေါင်း ၁၁ ခု ဖြစ်သော ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လှိုင် နှင့် မြေနီကုန်း တောင်ဘက် မြို့နယ်များတွင် နေထိုင်ကြသည့် အိမ်ထောင်စုများမှာ ထောင်ချီသည့် အမှတ်တံဆိပ် အမျိုးမျိုး နှင့် နေ့စဉ် မရှိမဖြစ်လိုအပ်သည့် လူသုံးကုန်ပစ္စည်းများကို GrabMart မှ တစ်ဆင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ သွားရည်စာမုန့်များ အစရှိသည့် စားသောက်ကုန်များသာမက သောက်ရေသန့်၊ ဆိုဒါ ကဲ့သို့သော သောက်သုံးစရာများ နှင့် အဖျော်ယမကာ များကိုလည်း မှာယူနိုင်မည်ဖြစ်သည်။

ယခုအခါ GrabMart ၏ မိတ်ဖက်လုပ်ငန်းစတိုးဆိုင်များသည် အွန်လိုင်းမှ ရရှိလာမည့် စားသုံးသူ အသစ်များ၊ အမြတ်ငွေတိုးတက်လာမည့် အခွင့်အလမ်း နှင့် မှာယူမှုများအား စီမံနိုင်ရန် Grab ၏ နည်းပညာပလက်ဖောင်းကို အသုံးပြုခွင့်များမှ အကျိုးခံစားရတော့မည်ဖြစ်သည်။ ထို့ပြင် မှာယူမှုအရေအတွက် မြင့်မားလာစေရန် အထူး လျှော့ဈေးများ နှင့် အရောင်းမြှင့်တင်ခြင်း နည်းလမ်းများပါဝင်သည့် GrabMart ၏ ဈေးကွက်ချဲ့ထွင်ရေးစွမ်းရည်ကို အမှီပြုကာ စားသုံးသူအသစ်များကို ပိုမိုဆွဲဆောင်ပြီး ထုတ်ကုန်များ ပိုမိုရောင်းချနိုင်တော့မည်လည်း ဖြစ်သည်။  နောက်လများတွင် များစွာသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို GrabMart ၏ မိတ်ဖက်လုပ်ငန်းစတိုးဆိုင်များအဖြစ် Grab platform ပေါ်တွင် ထည့်သွင်းပေးတော့မည် ဖြစ်သည်။

GrabMart ၏ အဓိကမိတ်ဖက်တစ်ဦးဖြစ်သည့် G&G  စတိုးဆိုင်လုပ်ငန်းများ ဆောင်ရွက်နေသော Capital Diamond Star Group Retail ၏ စီအီးအို Mr. Gabor Dolmanyos  ကလည်း “GrabMart နဲ့ ပူးပေါင်း ဆောင်ရွက်ရတဲ့ အတွက် ကျွန်တော်တို့ တကယ်ကိုပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒီပူးပေါင်း ဆောင်ရွက်မှုက တစ်ဆင့် ကျွန်တော်တို့အတွက် စားသုံးသူအသစ်တွေဆီကို ရောက်ရှိနိုင်မယ့် လမ်းကြောင်း အသစ်ကိုသာမကဘဲ လက်ရှိ စားသုံးသူမိတ်ဆွေတွေအတွက်လည်း ဝန်ဆောင်မှုအသစ်တစ်ခုကို ထပ်ပြီး ပံ့ပိုးပေးနိုင်စေပါတယ်။ အခုလိုမျိုး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ နည်းပညာပလက်ဖောင်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာက ကျွန်တော်တို့နဲ့ ကျွန်တော်တိုအလေးထားရတဲ့ စားသုံးသူ မိတ်ဆွေတွေကြားက ဆက်ဆံရေးမှာ အကျိုးရလဒ်ကောင်းတစ်ခု ရှိလာမယ်လို့ မျှော်လင့်ပါတယ် ဟု ပြောကြားခဲ့သည်။

GrabMart ကို သုံးစွဲရန်အတွက် App အသစ်တစ်ခု ဒေါင်းလုတ်ရယူရန် မလိုအပ်ဘဲ Grab App ၏ ပင်မစာမျက်နှာတွင် Mart အိုင်ကွန်ကို ရွေးချယ်ရုံဖြင့် ဝန်ဆောင်မှုအသစ်ကို စတင်အသုံးပြုနိုင်မည် ဖြစ်သည်။  သုံးစွဲသူများအနေဖြင့် မိတ်ဖက်လုပ်ငန်းစတိုးဆိုင်စာရင်းမှ မိမိတို့ နှစ်သက်ရာဆိုင်ကို ရွေးချယ်ကာ ဝယ်ယူလို သည့် ပစ္စည်းများကို ဈေးခြင်းတောင်းအတွင်း ထည့်သွင်းနိုင်သည်။ မိမိတို့ ဝယ်ယူထားသည့် ပစ္စည်းအမျိုး အမည်များ နှင့် အရေအတွက်ကို စိစစ်ခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်လိုပါက View Basket ကို နှိပ်ကာ ဆောင်ရွက်နိုင်သည်။  ထို့နောက် “Place Order” ကို နှိပ်ကာ မှာယူခြင်း ပြုလုပ်ပြီးပါက အမှာအတည်ပြု စာတိုကို ရရှိမည်ဖြစ်သည်။

GrabMart သုံးစွဲသူများသည် မှာယူမှုများကို တစ်နာရီအတွင်း အိမ်အရောက် လက်ခံရယူနိုင်မည်ဖြစ်ပြီး ၎င်းက ယခုကဲ့သို့ မိုးတွင်းကာလတွင် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေလွယ်ကူစေမည်ဖြစ်သည်။ မှာယူမှုပြီးမြောက်ပါက Grab သုံးစွဲသူများသည် အမှာအော်ဒါခြေရာခံခြင်း၊ လာရောက်ပို့ဆောင်သူထံ တိုက်ရိုက်စာတိုပေးပို့ခြင်း၊ ဖုန်းခေါ်ခြင်းများကို Grab App တွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ပြင် အကူအညီလိုအပ်ပါက ၂၄ နာရီ ပိတ်ရက်မရှိ အသင့်ရှိနေသော Grab ၏ သုံးစွဲသူ အတွေ့အကြုံဝန်ဆောင်မှုအဖွဲ့ကိုလည်း ဆက်သွယ်နိုင်သည်။

အများသုံးနေရာများတွင် mask တပ်ဆင်ရမည်ဆိုသည့် လိုအပ်ချက်ကို Grab သုံးစွဲသူများ လိုက်နာနိုင်ကြရန် ရည်ရွယ်ကာ ပရိုမိုကုဒ် “MASKS” ကို အသုံးပြုကာ သတ်မှတ်အရည်အသွေး ပြည့်ဝပြီး အလွှာ ၃ ခု ပါဝင်သော ဆေးရုံသုံး နှာခေါင်းစည်းများကို သယ်ယူပို့ဆောင်ခ မြန်မာကျပ်ငွေ ၁၀၀ ဖြင့်သာ မှာယူရရှိနိုင်စေရန် GrabMart က အထူးလျှော့ဈေးကို ပြင်ဆင်ပေးထားပါသည်။

လက်ရှိအချိန်တွင် Grab က အရှေ့တောင်အာရှ ဒေသတွင်းရှိ မြို့ပေါင်း ၅၀ တွင် ဒေသခံ ဈေးဝယ်စင်တာ နှင့် စတိုးပေါင်း ၃၀၀၀ ကျော် တို့နှင့် လက်တွဲကာ GrabMart ဝန်ဆောင်မှုပေးအပ်လျက်ရှိသည်။ GrabMart ဝန်ဆောင်မှုကို မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံတွင် ရယူသုံးစွဲနိုင်ပြီဖြစ်သည်။