Press Centre

Grab က ခရီးသည်များကို ကြိုသည့်အခါ ပိုမိုလွယ်ကူစေရန် GrabChat အတွင်း ဓာတ်ပုံပေးပို့နိုင်သည့်လုပ်ဆောင်ချက်တစ်ခု ထည့်သွင်းမိတ်ဆက်

အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်သည့် Grab က ၎င်း၏ အက်ပလီကေးရှင်းအတွင်း မက်ဆေ့ချ် အပြန်အလှန်ပေးပို့သည့် GrabChat လုပ်ဆောင်ချက်တွင် ဓာတ်ပုံများ ပေးပို့နိုင်သည့် လုပ်ဆောင်ချက် အသစ်တစ်ခုကို ထည့်သွင်း မိတ်ဆက်လိုက်ပြီဖြစ်သည်။

ရန်ကုန်၊ မြန်မာ၊ သြဂုတ်လ ၃၀ ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်သည့် Grab က ၎င်း၏ အက်ပလီကေးရှင်းအတွင်း မက်ဆေ့ချ် အပြန်အလှန်ပေးပို့သည့် GrabChat လုပ်ဆောင်ချက်တွင် ဓာတ်ပုံများ ပေးပို့နိုင်သည့် လုပ်ဆောင်ချက် အသစ်တစ်ခုကို ထည့်သွင်း မိတ်ဆက်လိုက်ပြီဖြစ်သည်။ Grab အက်ပလီကေးရှင်း၏ နောက်ဆုံးဗားရှင်းတွင် အသုံးပြုနိုင်ပြီဖြစ်သော အဆိုပါ ဓာတ်ပုံပေးပို့နိုင်သည့် လုပ်ဆောင်ချက်တွင် ခရီးသည်များသည် မိမိတို့ကို လာရောက်ကြိုရမည့် နေရာအား ဓာတ်ပုံရိုက်ကူး၍ ယာဉ်မောင်းထံသို့ ပေးပို့ပေးခြင်းအားဖြင့် ပိုမိုလွယ်ကူအဆင်ပြေစွာ နေရာအတိအကျ ရှာဖွေတွေ့ရှိပြီး ကြိုနိုင်မည်ဖြစ်သည်။ Grab သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်းရှိ ရှုပ်ထွေးပြီး ရှာဖွေရခက်ခဲသောနေရာ များပြားသည့် လမ်းများတွင် ခရီးသည်များ လွယ်ကူအဆင်ပြေရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းပံ့ပိုးလိုက်သည့် ပထမဆုံး ဒေသတွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အက်ပလီကေးရှင်း ဖြစ်သည်။

ခရီးသည်များနှင့် ယာဉ်မောင်းများအကြား အပြန်အလှန် တိုက်ရိုက်မက်ဆေ့ချ်ပေးပို့နိုင်သော GrabChat ကို ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး  ထိုလုပ်ဆောင်ချက်အားဖြင့် ခရီးသည်ကြိုဆိုရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန် အကူအညီ ပေးနိုင်ခဲ့သည်။ ယနေ့တွင် မြန်မာနိုင်ငံတွင်း  Grab အက်ပလီကေးရှင်း အသုံးပြုငှားရမ်းသည့် ခရီးစဉ်အားလုံး၏ ၃၅ ရာခိုင်နှုန်းသည် GrabChat ကို အသုံးပြုလျက်ရှိသည်။ GrabChat ကို စတင်မိတ်ဆက်ပြီးသည့် အချိန်မှစ၍ ခရီးစဉ် ပယ်ဖျက်နှုန်းများ ကျဆင်းလာသည်ကို မြင်တွေ့ရသည်။ တစ်ချိန်တည်းမှာပင် ခရီးသည်ကို ကြိုရမည့်နေရာတွင် မတွေ့ရှိသည့်အတွက် ယာဉ်မောင်းများဘက်မှ ခရီးစဉ်ပယ်ဖျက်ရနှုန်းမှာလည်း ၃၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ အရှေ့တောင်အာရှ ဒေသတွင်းတွင်လည်း GrabChat အသုံးပြုနိုင်ခြင်းကြောင့် ခရီးစဉ် ပယ်ဖျက်မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ထိုရာခိုင်နှုန်းများကို ကြည့်ခြင်းအားဖြင့် သန်းပေါင်းများစွာသော ပြည်သူများသည် GrabChat အကူအညီဖြင့် ၎င်းတို့၏ နေ့စဉ် ခရီးစဉ်များကို အဆင်တပြေ လုပ်ဆောင် ပြီးစီးနိုင်ကြကြောင်း ပြသနေသည်။

ခရီးစဉ်ပယ်ဖျက်နှုန်း ပိုမိုနည်းပါးသွားစေရန်နှင့် ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများကြား သွားရောက်ကြိုပေး ရသည့် အတွေ့အကြုံကို ပိုမို လွယ်ကူအဆင်ပြေစေရန်အတွက် GrabChat အတွင်းရှိ ဓာတ်ပုံပေးပို့နိုင်သည့် လုပ်ဆောင်ချက်က နှစ်ဖက်စလုံးအတွက် ပိုမို ကောင်းမွန်စွာ ဆက်သွယ်ချိတ်ဆက်နိုင်ရန် ပံ့ပိုးပေးပါသည်။ ဥပမာ- အကယ်၍ ခရီးသည်တစ်ယောက်သည် ရန်ကုန်မြို့ရှိ Junction Square ဈေးဝယ်စင်တာ ဝင်ပေါက်များထဲမှ တစ်ပေါက်တွင် စောင့်ဆိုင်းနေပြီး  ယာဉ်မောင်း မည်သည့်ဝင်ပေါက်ကတစ်ဆင့် မောင်းနှင်လာမည်ကို မသေချာပါက မိမိ ရပ်နေသော နေရာကို GrabChat ဖြင့် လွယ်ကူလျင်မြန်စွာပင် ဓာတ်ပုံရိုက်ပြီး ယာဉ်မောင်းထံ ပေးပို့နိုင်သောကြောင့် ယာဉ်မောင်းသည်လည်း ခရီးသည်ရှိရာကို လွယ်လင့်တကူ ရှာဖွေလာရောက်နိုင်မည် ဖြစ်သည်။

GrabChat အသုံးပြု၍ ဓာတ်ပုံများ ပေးပို့ရာတွင်  ခရီးသည်အနေဖြင့် GrabChat အတွင်းရှိ ကင်မရာ အိုင်ကွန်ကို နှိပ်လိုက်သည်နှင့် မိမိရိုက်နေကျ ဖုန်းကင်မရာ အက်ပလီကေးရှင်းကို ရောက်ရှိသွားပြီး ထိုမှတစ်ဆင့် ဓာတ်ပုံရိုက်ကာ ယာဉ်မောင်းထံ ပေးပို့နိုင်မည်ဖြစ်သည်။ Grab အက်ပလီကေးရှင်း၏ နောက်ဆုံးဗားရှင်းရှိ ထိုဓာတ်ပုံပေးပို့နိုင်သည့် လုပ်ဆောင်ချက်သည် လတ်တလောအနေဖြင့် ခရီးသည်များဘက်ကသာ ဓာတ်ပုံပေးပို့နိုင်ပြီး ယာဉ်မောင်းအနေနှင့် ထိုဓာတ်ပုံများကို လက်ခံပြီး ကြည့်ရှုရုံသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ ခရီးစဉ်ပယ်ဖျက်မှုနှုန်း နည်းသထက် နည်းစေရန်နှင့် အချိန်တိုအတွင်း ခရီးစဉ် စတင်နိုင်ရန် ယခုနှစ် နှောင်းပိုင်းခန့်တွင် ယာဉ်မောင်းများအတွက် ခရီးသည်များထံ ဓာတ်ပုံပေးပို့နိုင်စေရန် လုပ်ဆောင်ချက်ကိုပါ ထည့်သွင်းမိတ်ဆက်ပေးရန် စီစဉ်ထားပါသည်။

ခရီးစဉ်တစ်ခု ပြီးစီးသည်နှင့် ထိုဓာတ်ပုံများကို GrabChat တွင်းမှ ဖယ်ရှားလိုက်မည်ဖြစ်သည်။ သို့သော် နှစ်ဦး နှစ်ဖက် လုံခြုံမှုရှိစေရန် ဓာတ်ပုံများနှင့် စကားပြောဆိုထားခြင်းများကို Grab က သိမ်းဆည်းထားမည်ဖြစ်ရာ လိုအပ်ပါက စုံစမ်းထောက်လှမ်းမှုများတွင် အကူအညီဖြစ်စေမည်ဖြစ်သည်။

ဆက်လက်ပြီး Grab သည် ထိုဓာတ်ပုံများကို Grab အက်ပလီကေးရှင်း၏ မြေပုံစာမျက်နှာပေါ်ရှိ အစိမ်းရောင် အစက်များ (POIs) ကဲ့သို့ ခရီးသည် ကြိုရမည့်နေရာများ သတ်မှတ်ရာတွင် ပိုမိုတိကျစုံလင်စွာ ထည့်သွင်းပေးနိုင်ရန်အတွက်လည်း အသုံးပြုမည်ဖြစ်သည်။ ဓာတ်ပုံများ ပေးပို့နိုင်သောကြောင့် Grab သည် လာရောက်ကြိုရန် ရှုပ်ထွေးမှုများ ဖြစ်နိုင်သည့်တည်နေရာများကို ပိုမို သိရှိလာပြီး မြေပုံပေါ်တွင် POIs တည်နေရာများ ပိုမိုစုံလင်အဆင်ပြေလာစေရေး အဆင့်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter