Press Centre

 စုပေါင်းကားငှားခြင်းက ဘာလို့ မြန်မာနိုင်ငံရဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျအောင် ကူညီပေးနိုင်တာလဲ

တိုးတက်မှု အရမ်းမြန်သလို ယာဉ်ကြောပိတ်ဆို့မှုတွေလည်း များပြားလှတဲ့ အရှေ့တောင်အာရှဒေသမှာ ခေတ်ရဲ့တောင်းဆိုမှုအရ စုပေါင်းကားငှားတဲ့ ဝန်ဆောင်မှုဟာ အလျှင်အမြန် အမြစ်တွယ်လာခဲ့ပါပြီ။ ဒါဆို ရန်ကုန်မြို့ကြီးမှာရော… ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားအောင် စုပေါင်းကားငှားလို့ မရနိုင်ဘူးလား။ လမ်းမထက်က မောင်းနှင်နေတဲ့ ကားတွေပေါ်မှာ ဝေမျှစီးနင်းနေကျ ခရီးသည်တွေအတွက် မြန်မာလူမျိုးတွေရဲ့  သက်တမ်းတစ်လျှောက် သွားလာနေကျ ပုံစံတွေ၊ အယူအဆတွေကို ပြောင်းလဲပစ်နိုင်မယ့် ထူးခြားတဲ့ အခွင့်အလမ်းတစ်ခု ရှိလာပါပြီ။ ဒါဟာ မြို့ပြရဲ့ လမ်းမတွေပေါ်မှာ ရေရှည် အကျိုးသက်ရောက်မှု တစ်ခု ဖြစ်လာနိုင်ပါတယ်။  Alvin Loh ၏ […]

တိုးတက်မှု အရမ်းမြန်သလို ယာဉ်ကြောပိတ်ဆို့မှုတွေလည်း များပြားလှတဲ့ အရှေ့တောင်အာရှဒေသမှာ ခေတ်ရဲ့တောင်းဆိုမှုအရ စုပေါင်းကားငှားတဲ့ ဝန်ဆောင်မှုဟာ အလျှင်အမြန် အမြစ်တွယ်လာခဲ့ပါပြီ။ ဒါဆို ရန်ကုန်မြို့ကြီးမှာရော… ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားအောင် စုပေါင်းကားငှားလို့ မရနိုင်ဘူးလား။ လမ်းမထက်က မောင်းနှင်နေတဲ့ ကားတွေပေါ်မှာ ဝေမျှစီးနင်းနေကျ ခရီးသည်တွေအတွက် မြန်မာလူမျိုးတွေရဲ့  သက်တမ်းတစ်လျှောက် သွားလာနေကျ ပုံစံတွေ၊ အယူအဆတွေကို ပြောင်းလဲပစ်နိုင်မယ့် ထူးခြားတဲ့ အခွင့်အလမ်းတစ်ခု ရှိလာပါပြီ။ ဒါဟာ မြို့ပြရဲ့ လမ်းမတွေပေါ်မှာ ရေရှည် အကျိုးသက်ရောက်မှု တစ်ခု ဖြစ်လာနိုင်ပါတယ်။  Alvin Loh ၏ ပြောကြားချက်မှ

ရန်ကုန်ဟာ မြို့ပြအသွင်နဲ့ မြန်မြန်ဆန်ဆန် တိုးတက်လာတဲ့အခါ နေ့စဉ်ဘဝတွေမှာ ကားပိတ်တဲ့ ပြဿနာ ဆိုတာ စိတ်ပျက်စရာ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါတယ်။ ရန်ကုန်မြို့မှာ နေ့စဉ် ခရီးသွားပြည်သူပေါင်း ၃.၅ သန်းခန့် သွားလာနေကြပြီး အဲဒီ့အထဲက ၃၀ ရာခိုင်နှှုန်းက တစ်ရက်ကို ၃ နာရီကျော်၊ တစ်နှစ်ကို ၄၅ ရက်လောက် လမ်းမတွေပေါ်မှာ အချိန်ကုန်နေကြရပါတယ်။ တစ်ရက် အလုပ်ချိန် ၈ နာရီကို ခရီးသွားချိန် ထပ်ပေါင်းလိုက်မယ်ဆိုရင် အိမ်အတွက် အလုပ်လုပ်နေရတဲ့သူတွေဟာ တစ်ရက်မှာ ၁၁ နာရီလောက် ဒါမှမဟုတ် ဒီထက်အချိန်များများက မိသားစုနဲ့ အတူရှိမနေနိုင်တော့ပါဘူး။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မြို့တော်ကြီးရဲ့ ကူးသန်းသွားလာရေးစနစ် တိုးတက်လာစေဖို့ အများပိုင်ယာဉ်လိုင်းစနစ် (YBS)၊ Yangon Water Bus တွေ စတင်ပြေးဆွဲခဲ့ပြီး ရထားလိုင်းတွေ  ကောင်းမွန်လာအောင် ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC ရဲ့ ၂၀၁၄ ခုနှစ် စစ်တမ်းအရ မြို့တွင်း နေ့စဉ် ခရီးသွားလာသူ ၈၅ ရာခိုင်နှုန်းဟာ ဘတ်စ်ကားကို အဓိက အသုံးပြုကြတယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားနဲ့ မှတ်တိုင် အရေအတွက်ပေါင်း ၁,၂၈၈ ခု ရှိခဲ့ရာကနေ ၂၀၁၇ ခုနှစ် အစောပိုင်းမှာ YBS ကို မိတ်ဆက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ မေလမှာ ၃,၆၂၀ အထိ တိုးပွားလာခဲ့ပါတယ်။ သို့ပေမယ့် ဘတ်စ်ကား အရေအတွက် များပြားလာတာဟာ ခရီးသည်တွေကို သွားရတဲ့ ခရီးအကွာအဝေး ပိုများသွားစေခဲ့ပါတယ်။ ဒါဟာ ခရီးသည်တွေအတွက် အိမ်ကိုပြန်ရောက်ဖို့ ပိုဝေးဝေး သွားရတာ၊ သွားနေကျ လမ်းကြောင်းကနေ သွားလို့မရတော့တာ၊ ရုံးရောက်ဖို့ ဘတ်စ်ကား နှစ်ဆင့်၊ သုံးဆင့်  ပြောင်းစီးရတာလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

ရန်ကုန်မြို့ရဲ့ အခြေခံ လမ်းပန်းဆက်သွယ်ရေး အုတ်မြစ်က အကျပ်အတည်းဖြစ်နေပေမယ့် မော်တော်ယာဉ် ပိုင်ဆိုင်မှု အရေအတွက်ကိုတော့ လျော့ကျမသွားဘဲ ပိုပြီး မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။  မြန်မာ့ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့မှာ မှတ်ပုံတင်ပြီး မော်တော်ယာဉ် အရေအတွက်က တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ် အထိ ရန်ကုန်မြို့မှာ မှတ်ပုံတင်ပြီး မော်တော်ယာဉ်အစီးရေ ၈၀၀,၀၀၀ ကျော်ရှိနေပါပြီ။ ဒါဟာ ၂၀၁၄ ခုနှစ်က အရေအတွက်ထက် ၂ ဆ ကျော် မြင့်တက်သွားတာပါ။

ပိတ်ဆို့နေတဲ့ လမ်းမတွေဟာ နှစ်စဉ် အာဆီယံ စီးပွားရေးဈေးကွက်ရဲ့ ထုတ်လုပ်နိုင်စွမ်း GDP ကို ၂% ကနေ ၅% အထိ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းခြေ တန်ဖိုးဖြတ်နေကြတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ မော်တော်ကား  ဈေးကွက်ကတော့ ကားအသစ်တွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်အောင် မော်တော်ကားထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်တဲ့အထိ ဆက်လက် ကြီးထွားလာနေပါတယ်။ တစ်ချိန်တည်းမှာပဲ တိုးပွားလာတဲ့ လူလတ်တန်းစားဦးရေဟာ မော်တော်ကားဆိုတာကို ပြည့်သိပ်နေတဲ့ အများသုံး သွားလာရေး စနစ်တွေကနေ သက်သာဖို့အတွက်နဲ့ ဂုဏ်ပကာသန တစ်ခုအဖြစ် ယူဆထားနေတုန်းပါပဲ။

ဒါတွေကို ခြုံကြည့်မယ်ဆိုရင်တော့ ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ ယာဉ်ကြောပိတ်ဆို့မှု ပိုဆိုးလာမယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် လမ်းမထက်က ကားတွေပေါ်မှာ လစ်လပ်နေတဲ့ နေရာတွေကို ဝေမျှစီးလိုတဲ့ ခရီးသွားပြည်သူတွေအတွက်တော့ အခွင့်အလမ်းတစ်ခု ရှိလာနိုင်ပါတယ်။ နည်းပညာနဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဟာ ကိုယ်ပိုင်ကား ဝယ်ဖို့ စိတ်ကူးထားတဲ့သူတွေ၊ ပြီးတော့ တစ်စီးလောက်ပဲ ဝယ်ရသေးတဲ့သူတွေ အပါအဝင် လက်ရှိ မျိုးဆက်တစ်ခုလုံးရဲ့ အယူအဆနဲ့ သွားလာပုံတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူ ဒါမှမဟုတ် တစ်ယောက်တည်း ကားငှားစီးတတ်တဲ့သူတွေကို အများနဲ့ ဝေမျှပြီး သွားလာနိုင်လာအောင် စီစဉ်ပေးတာမျိုးပေါ့။

စုပေါင်းသွားလာသင့်တဲ့ အကြောင်းအရင်း

လမ်းကြောင်းတစ်ခုကို စုပေါင်းသွားလာလိုက်တဲ့အတွက် ရလာမယ့် အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ကားဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် မော်တော်ယာဉ်တစ်စီးချင်းရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်တယ်။ ခရီးသည်များများ ပိုတင်နိုင်တယ်။ ယာဉ်အတွက် ထိန်းသိမ်းပြုပြင်ရတဲ့ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်တယ်။ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို နည်းပါးသွားစေနိုင်တယ်။ ၂၀၁၇ ခုနှစ်အတွက် Roland Berger ရဲ့ လေ့လာချက်တစ်ခုမှာ စုပေါင်းကားငှားခြင်းကနေ ရန်ကုန်မြို့ လမ်းမပေါ်က ကားတွေကို အချိန်တို  လေးအတွင်း အစီးရေ ၄၅,၀၀၀ ခန့်၊ ရာခိုင်နှုန်းနဲ့ ပြောရရင် ၁၆% အထိ လျှော့ချပေးနိုင်ခြေရှိတယ်လို့  တွေ့ရှိထားပါတယ်။

နည်းပညာအကူအညီနဲ့ လိုအပ်သလို ညှိနှိုင်းနိုင်တဲ့ စုပေါင်းကားငှားတဲ့ ဝန်ဆောင်မှုဟာ အရှေ့တောင်အာရှ ဒေသတွေမှာ စပြီး တိုးတက်လာနေပြီဆိုတော့ ရန်ကုန်ကိုလည်း ရောက်လာသင့်နေပါပြီ။ သူ့ သဘောတရားကို  သေသေချာချာ နားလည်လက်ခံသွားကြပြီဆိုရင် ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို တွေ့ကြရပါလိမ့်မယ်။ လူငယ်အများစုရှိတဲ့ ရန်ကုန်လူဦးရေမှာ စုပေါင်းကားငှားချင်စိတ် ရှိလာအောင် အယူအဆနဲ့ အပြုအမူတွေကို ပြောင်းလဲပေးနိုင်မယ့် ကျယ်ပြန့်တဲ့ နယ်ပယ်ရှိသလို သွားလာရေးပုံစံ အသစ်တွေကိုလည်း အလွယ်တကူ လက်ခံနိုင်မယ့် အဆင့်မှာ ရှိနေပါတယ်။ ဒီ စနစ် အောင်မြင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ လမ်းမတွေဟာ အနာဂတ်မှာ ပြောင်းလဲသွားနိုင်ပါလိမ့်မယ်။

နည်းပညာ အကူအညီနဲ့ ကားငှားရမ်းနိုင်တဲ့ စနစ်ဟာ အချိန်တိုကနေ သင့်တင့်တဲ့ ကာလအတွင်း အဆင်ပြေနိုင်တဲ့ အလားအလာ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေထဲက တစ်ခုပါ။ ရန်ကုန်မှာ အငှားယာဉ် ဝန်ဆောင်မှု နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အခုဆိုရင် ခရီးသွားပြည်သူတွေဟာ စမတ်ဖုန်းနဲ့ ကားငှားရတာကို အကျင့်ဖြစ်လာကြပါပြီ။ ဒါဆို လိုအပ်ချက်အရ စုပေါင်းကားငှားနိုင်တဲ့ ဝန်ဆောင်မှုက  နောက်တစ်ဆင့်ပေါ့။

ရန်ကုန်မြို့က ဝေမျှသွားလာဖို့ အဆင်သင့်ဖြစ်နေပါပြီ

ရန်ကုန်မြို့ထဲ ရွေ့လျားသွားလာနေတဲ့ ယာဉ်တွေကို မျှဝေစီးနင်းနိုင်တဲ့ စနစ်တစ်ခု ပေါ်ပေါက်လာဖို့ အဓိက လိုအပ်ချက်တွေက တစ်ခြား အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဘာမှကွာခြားမှုမရှိတာကြောင့် ကားကြုံငှားတဲ့ ဓလေ့ဟာ အလုပ်ဖြစ်နိုင်တယ်ဆိုတာ သေချာပါတယ်။

ပထမအချက်က ဒီဒေသမှာ ငွေရေးကြေးရေး မျှဝေကျခံလို့ရတဲ့ စနစ်တစ်ခုကို စတင်နိုင်ဖို့ လုံလောက်တဲ့ လူဦးရေ ပမာဏ ရှိပါတယ်။ အရှေ့တောင်အာရှမှာ လူဦးရေ ၂ သန်းကျော်ရှိတဲ့ မြို့ကြီးပေါင်း ၁၂ မြို့ရှိထားလို့ ကြီးမားပြီး လူထူထပ်တဲ့ မြို့ပြနေရာတွေ အများကြီးပါပဲ။ ပြီးတော့ လုပ်ငန်းခွင်ဝင်နေတဲ့ လူဦးရေ အရေအတွက်ကလည်း အတော်အသင့်ရှိနေပါတယ်။ ရန်ကုန်မှာရှိတဲ့ ခရီးသွားပြည်သူတွေထဲက  နေ့တိုင်း အငှားယာဉ် စီးတတ်တဲ့ အုပ်စုက ဒီလို စုပေါင်းကားငှားတဲ့ စနစ်နဲ့ အကိုက်ညီဆုံးပါပဲ။ သူတို့က အခုဆိုရင် ကားခ အတက်အကျရှိပြီး တစ်ချက်နှိပ်လိုက်တာနဲ့ ကားငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုတွေနဲ့ အသားကျနေကြပါပြီ။

ဒုတိယအချက်ကတော့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ လမ်းခရီးတစ်ခုကို အတူတူ စုပြီးသွားလာဖို့ ထုံးတမ်းစဉ်လာအရ ပိုပြီး လက်ခံနိုင်ကြတာကြောင့်ပါ။ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင်တော့ ကိုယ်ပိုင်နေရာ ဆိုတာကို ပိုပြီး လိုလိုချင်ချင်ရှိကြလို့ ကားတစ်စီးကို လူတစ်ယောက်စာအတွက်လို့ပဲ တွက်ရပါတယ်။

ဒီလို တစ်ဦးတည်းပိုင်ဆိုတဲ့ အယူအဆက အရှေ့တောင်အာရှမှာတော့ သိပ်မရှိသေးပါဘူး။ အကြောင်းက  ဒေသတွင်းနေရာ တော်တော်များများမှာ ပုံမှန် ကားစုငှားတာပဲဖြစ်ဖြစ်၊ ယာဉ်မောင်းက လူအပိုတင်လို့ပဲဖြစ်ဖြစ် ကားတစ်စီးကို ဝေမျှစီးရတဲ့ အကျင့်ဖြစ်နေလို့ပါ။ ဥပမာ ရန်ကုန်မှာဆိုရင် ကျောင်းသွား၊ အလုပ်သွား၊ ခရီးသွားဖို့ နဲနဲဝေးတယ်ဆိုရင် နီးစပ်ရာလူနဲ့ ညှိနှိုင်းပြောဆိုပြီး စပ်တူငှားသွားကြတာတွေ ရှိပါတယ်။ ဒီလိုပဲ ရန်ကုန်မြို့ကြီးမှာ သွားလာနေရတဲ့သူ အချို့ဆိုရင်လည်း လမ်းကြောင်းသင့်တာနဲ့ ယာဉ်မောင်းက ခရီးသည်တွေ ထပ်တင်တတ်လို့ “လမ်းကြုံ” တင်တယ်ဆိုတာနဲ့ ရင်းနှီးနေကြပါပြီ။

Carpooling ဆိုတာ ဒီလို ကားစုငှားတဲ့ပုံစံကနေ နည်းနည်း ပိုအဆင့်မြင့်သွားတယ်လို့ ပြောလို့ရပါတယ်။ နည်းပညာ အကူအညီနဲ့ စုပေါင်းကားငှားလိုက်တော့ ကိုယ်လိုချင်တဲ့ ဝန်ဆောင်မှုကိုပဲ ပုံမှန် တွေ့ရာလူ လမ်းကြုံ တင်တာတွေထက် ပိုပြီး သက်သောင့်သက်သာ ဖြစ်စေတဲ့အပြင် ကိုယ့်ကားနဲ့ကိုယ်သွားတာထက် ဒါမှမဟုတ် ကားငှားခ အပြည့်ပေးရမှာထက် ပိုပြီး ငွေကုန်ကြေးကျ သက်သာနိုင်ပါတယ်။

စုပေါင်းကားငှားနိုင်တဲ့ ရေစီးကြောင်းမှာ စီးမျောလိုက်ပါ

လမ်းကြောင်း အနေအထား၊ လူဦးရေ ပမာဏနဲ့ ယဉ်ကျေးမှုတို့ တစ်နေရာထဲ ပေါင်းစည်းသွားတဲ့အခါမှာတော့ နည်းပညာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဟာ “စုပေါင်းမျှဝေခြင်း အယူအဆ” တစ်ခုကို ခရီးသွား ပြည်သူတွေနဲ့ ကားပိုင်ရှင်တွေကြား တစ်ဖြည်းဖြည်းနဲ့ ခိုင်ခိုင်မာမာ ဝင်ရောက်လာအောင် သွင်းနိုင်ဖို့ ကြီးမားလှတဲ့ အခွင့်အရေးတစ်ခု ရရှိခဲ့ကြပါတယ်။ အောင်မြင်မှုဆိုတာ နည်းမျိုးစုံနဲ့ ရနိုင်ပါတယ်ပေါ့။

အခြေခံ အဆင့်မှာတင် တစ်ဦးချင်းစီအတွက် လမ်းကြောင်းတူ ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေကို  တွေ့ဆုံပေးနိုင်ပြီး လိုအပ်သလို ညှိနှိုင်းနိုင်တဲ့ ပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပိုပြီး အရေးကြီးတာက ကားစုငှားနိုင်တဲ့ ဝန်ဆောင်မှုတွေဆိုတာ နိုင်ငံတစ်ခုချင်းစီရဲ့ အခြေအနေပေါ်လိုက်ပြီး  ပြောင်းလဲနိုင်လောက်တဲ့အထိ လိုက်လျောညီထွေရှိရဲ့လား ဆိုတာပါ။ Grab မှာတော့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဈေးကွက်ပုံစံ အမျိုးမျိုးအလိုက် ကားစုငှားတဲ့ ဝန်ဆောင်မှုနဲ့ ဆိုင်ကယ်စုငှားတဲ့ ဝန်ဆောင်မှုတွေကို အဆင်ပြေအောင် ပြောင်းလဲပေးထားတယ်လို့ သိရပါတယ်။ ဥပမာ – ကားခဈေးကြီးတဲ့ စင်ကာပူလို နိုင်ငံမျိုးမှာ ကားစုငှားတဲ့ ဝန်ဆောင်မှုက ပိုပြီး အသုံးများပါတယ်။ ဝန်ဆောင်မှုတစ်ခု စတင်ဖို့အတွက် နိုင်ငံအခြေအနေနဲ့ ကားငှားတဲ့ ပုံစံတွေကို ထည့်သွင်းစဉ်းစားရမှာပါ။ တစ်ခုတည်းကို ပုံသေ သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုဆိုရင် ဘယ်နေရာမှာမှ အဆင်ပြေမှာမဟုတ်ပါဘူး။

နောက်ဆုံးအချက်ကတော့ နည်းပညာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဟာ စုပေါင်းကားငှားတဲ့ အလေ့အထကို ခရီးသည်တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု တည်ဆောက်နိုင်တဲ့  နေရာတစ်ခုအဖြစ် ထားရှိလိုက်တဲ့အတွက် လုံခြုံမှု ရှိလာတဲ့ ဝန်ဆောင်မှု တစ်ခုလို့ ခံစားရမှာပါ။ ဒါ့အပြင် ကားစုငှားတဲ့ အလေ့အထမရှိတဲ့ နေရာတွေကို ယုံကြည်မှု နည်းပါးနေသေးတဲ့ လူမှုပတ်ဝန်းကျင်တွေအဖြစ် ထုတ်ပြနိုင်တဲ့ အထားအလာလည်း ရှိပါတယ်။ ခရီးသည်နဲ့ ယာဉ်မောင်း အချင်းချင်း စစ်ဆေးနိုင်တာ၊ လမ်းကြောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို  သေသေချာချာ သိနိုင်တာတွေအပြင် ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် ဆက်ပြီး လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။

မျှဝေခြင်း ခရီးတစ်ခုဆီသို့ ဦးတည်နေသည့် လမ်းမကြီး

လမ်းမကြီးတွေပေါ်က အနေအထားကို ကြည့်မယ်ဆိုရင် ရန်ကုန်မြို့တော်ရဲ့ ယာဉ်ကြောပြဿနာတွေဟာ ရှုပ်ထွေးခက်ခဲပြီး ရှု့ထောင့်ပေါင်းစုံက ဖြေရှင်းနိုင်တဲ့ စနစ်တွေ လိုအပ်ပါတယ်။ စုပေါင်းကားငှားလိုက်ခြင်းဟာ မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချပေးနိုင်မယ့် အားကောင်းတဲ့ စနစ်တစ်ခု ထပ်ပြီး ဖြည့်တင်းလိုက်ခြင်းပါပဲ။ မြန်မာတွေရဲ့ အလေ့အထအရ လူတော်တော်များများမှာ “မျှဝေခံစား” တတ်တဲ့ စိတ်ဓာတ်ရှိကြတာကို ကြည့်မယ်ဆိုရင် နိုင်ငံရဲ့ အနာဂတ်မှာ လမ်းတွေ၊ ကားတွေနဲ့ ခရီးစဉ်တွေကို မျှဝေကြလိမ့်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

Alvin Loh က Grab Myanmar ရဲ့ Acting Country Manager ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ ထိပ်တန်း အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းကို ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဒေသခံ ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လျက်ရှိပါတယ်။သူဟာ မြန်မာနိုင်ငံမှာ တာဝန်ယူ လုပ်ကိုင်ချိန်ကစပြီး နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍ အကူးအပြောင်းနဲ့ ကြုံတွေ့ခဲ့ရပြီး Grab နဲ့အတူ ဒီကဏ္ဍမှာ တိုးတက်ကောင်းမွန်လာအောင် ဆက်လက် ကူညီထောက်ပံ့ပေးဖို့ မျှော်လင့်နေပါတယ်။ Alvin Loh ဟာ ပိုကောင်းတဲ့ ရန်ကုန်မြို့တော်အဖြစ် ဖန်တီးပေးဖို့၊ နည်းပညာ အသုံးချပြီး လူမှုဘဝအတွက် အကျိုးသက်ရောက်မှုတွေ ရယူနိုင်ဖို့၊ ပြီးတော့  မြန်မာနိုင်ငံက ပြည်သူတွေကို အကျိုးပြုနိုင်မယ့် အရည်အချင်းရှိတဲ့ အဖွဲ့တစ်ဖွဲ့ ဆက်လက်ဖွဲ့စည်းထားနိုင်ဖို့ တက်တက်ကြွကြွ လုပ်ကိုင်နေပါတယ်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter